USA

အမေရိကန်ဒေါ်လာ အသုံးပြုမှုအပြီးအပိုင်စွန့်ခွာရန် စီစဉ်နေသည့် BRICS အဖွဲ့သို့ အီရန်နိုင်ငံဝင်ရောက်

Last Updated:

အမေရိကန်ဒေါ်လာ အသုံးပြုမှုအပြီးအပိုင်စွန့်ခွာရန် စီစဉ်နေသည့် BRICS အဖွဲ့ (ကနဦး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ၏ အစ စကားလုံးကို ကိုယ်စားပြုခေါ်ဆိုခြင်းဖြစ်ပါသည်။) သို့ အီရန်နိုင်ငံဝင်ရောက်ခြင်းနှင့် ပတ်သက်သည့် သတင်းအား Cryptopolitan  အွန်လိုင်းသတင်း၌ ၆-၁-၂၀၂၄ ရက်နေ့တွင် “Iran Joins BRICS In Plot To Permanently Dethrone The Dollar” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်ဒေါ်လာ၏ လွှမ်းမိုမှုကို လျှော့ချရန် မဟာဗျူဟာအရ ဖွဲ့စည်းထားသည့် BRICS အဖွဲ့သို့ အီရန်နိုင်ငံဝင်ရောက်မည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပြီး ဤသို့ကြေညာလိုက် ခြင်းသည် ပထဝီနိုင်ငံရေးအရ နိုင်ငံတကာအင်အားယှဉ်ပြိုင်မှုတွင် ရဲရဲဝံ့ဝံ့ဖက်ရွေးခြင်း ဖြစ်ကြောင်း၊ အီရန်နိုင်ငံ ပါဝင်လာပြီးနောက် BRICS အတွက် ၂၀၂၄ ခုနှစ်သည် အခြေအနေကိုများစွာ ပြောင်းလဲနိုင်မည်နှစ် တစ်နှစ်အဖြစ် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကို တွေ့ရပါကြောင်း၊ BRICS သည် ၂၀၂၃ ခုနှစ် တစ်နှစ်ပတ်လုံး အားလုံးလက်ခံနိုင်မည့် ဘုံငွေကြေးတစ်ရပ်ရှာကိုဖွေခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ထိပ်သီးအစည်းအဝေးကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ ဤသို့ဘုံငွေကြေးတစ်ရပ် ရှာဖွေခြင်းသည် ငွေကြေးအသစ်တစ်ရပ် မိတ်ဆက်ခြင်းဆိုသည့် ရည်ရွယ်ချက်ထက် သာလွန်သော ကိစ္စရပ် တစ်ခုဖြစ်ပြီး ကမ္ဘာ့ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ရေးဆွဲခြင်းလည်းဖြစ်ပါကြောင်း၊ ယခင်က တစ်သီးတစ်ခြားရပ်တည်သည့် အီရန်နိုင်ငံသည် ယခုအခါ BRICS အဖွဲ့တွင် ပါဝင်လာခြင်း ဖြင့် ကမ္ဘာ့စီးပွားရေးကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်မှုအလားအလာတွင် ပါဝင်လာခြင်းဖြစ်ရာ အထူးသဖြင့် မှတ်သားစရာကိစ္စရပ်တစ်ခုလည်းဖြစ်ကြောင်း၊ အီရန်နိုင်ငံနှင့်အတူ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီဂျစ်၊ အီသီယိုပီးယားနိုင်ငံတို့ ထပ်မံပါဝင်လာခြင်းမှာ BRICS သို့ဝင်ရောက်လာခဲ့ ကြသည့် နောက်ထပ်အလွှာတစ်ခုဖြစ်ပါကြောင်း၊ အာဂျင်တီးနားနိုင်ငံက ၎င်း၏ BRICS အဖွဲ့ဝင်မည့် ကိစ္စရပ်အား နောက်ဆုတ်လိုက်ပြီးနောက် အီရန်နိုင်ငံက ရှေ့တိုးကာ အဖွဲ့ဝင်နိုင်ငံများအတွက် ဘဏ်လုပ်ငန်းများအတွက် အချက်အချာနေရာ (Banking Center) အဖြစ်ဆောင်ရွက်လိုသည့် စိတ်ဝင်စားမှုကိုပြသခဲ့ပါကြောင်း၊ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ဘုံငွေကြေးအသစ်မှာ ရှုပ်ထွေးပါကြောင်း၊ ငွေကြေးအသစ်သည် ရွှေ (သို့မဟုတ်) အခြား စံသတ်မှတ်ချက်တစ်ခုခုနှင့် ချိတ်ဆက် ထားမည် မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးမုန်တိုင်းထန်ချိန်တွင် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော ကြားခံလဲလှယ်နိုင်သည့် ငွေကြေးတစ်ရပ်ပေါ်ပေါက်လာစေရန်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုဘဏ်အသစ် ဖွဲ့စည်းခြင်းသည် ငွေကြေးအသစ်ထုတ်ပေးရာတွင် အဓိကအရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်လာမည် ဖြစ်ကြောင်း၊  ရွှေ (သို့မဟုတ်) အခြားစံသတ်မှတ်ချက်တစ်ခုခုနှင့်ချိတ်ဆက်မထားသည့် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ တရုတ်ယွမ် (သို့မဟုတ်) အိန္ဒိယရူပီး တစ်ခုခုကို ကမ္ဘာ့အရန်ငွေအဖြစ် သတ်မှတ်ရန် စဉ်းစားသည့် အခြေအနေဖြစ်ကြောင်း၊ ဤချဉ်းကပ်နည်းမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ရှုပ်ထွေးမှုရှိကြောင်း၊ BRICS Pay ထူထောင်ပြီး ငွေကြေးဆိုင်ရာစိန်ခေါ်မှုများကို ဒီဂျစ်တယ်နည်းဖြင့် ချဉ်းကပ်ကာ Blockchain နည်းပညာကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတကာ ငွေလွှဲပြောင်းမှု စနစ်သစ်တစ်ရပ် ဖော်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း၊ BRICS သို့ အီရန်နိုင်ငံဝင်ရောက်ခြင်းသည် ဘုံငွေကြေးသစ်တစ်ရပ် ထူထောင်လိုခြင်းနှင့် စီးပွားရေးမဟာဗျူဟာတစ်ခုသာမက နိုင်ငံတကာ ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

BRICS အဖွဲ့သည့် ဘုံငွေကြေးအသစ်တစ်ရပ် ထူထောင်လျက် ၂၀၂၄ ခုနှစ်တွင် အဖွဲ့၏ လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် စီစဉ်နိုင်သည့် အလားအလာရှိကြောင်းနှင့် အီရန်နိုင်ငံ အပါအဝင် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုပီးယား နိုင်ငံတို့ BRICS အဖွဲ့သို့ဝင်ရောက်ရန် လျှောက်ထားချက်အပေါ် ၂၂-၈-၂၀၂၃ ရက်နေ့တွင် တောင်အာဖရိက၌ ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၌ ယင်းနိုင်ငံများအား အဖွဲ့ဝင်အဖြစ်လက်ခံရန် ဆုံးဖြတ်ခဲ့သဖြင့် အီရန်နိုင်ငံအပါအဝင် အခြားနိုင်ငံများမှာလည်း BRICS အဖွဲ့ဝင်လာကြမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ် BRICS ဥက္ကဋ္ဌ တာဝန်ယူသည့် တောင်အာဖရိကနိုင်ငံ၏ ထုတ်ပြန်ချက်အရ နောက်ထပ်နိုင်ငံပေါင်း (၄၀) ကျော်သည် လည်း BRICS အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုရှိကြောင်း ထုတ်ပြန်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကို အာရှတိုက်၏ အရှေ့ပိုင်းဒေသနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နိုင်ငံများနှင့်ပူးပေါင်း၍ ကြိုးပမ်းအကောင်အထည်ဖော်နေစဉ် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ပါဝင်သည့် BRICS အဖွဲ့ကလည်း အခြားတစ်ဖက်တွင် ဒေါ်လာအသုံးပြုမှုကို အပြီးအပိုင်စွန့်ခွာနိုင်ရေး စီးပွားရေးအရ မဟာမိတ်များ ထူထောင်ကာ ကြိုးပမ်းချက်တစ်ရပ်ဖြစ်ပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA