ဥရောပကော်မရှင်က တရုတ်နိုင်ငံမှထုတ်လုပ်သော လျှပ်စစ်ကားများကို တင်သွင်းခွန် (၃၆.၃)ရာခိုင်နှုန်းအထိ စည်းကြပ်ရန် မကြာသေးမီက ကြေညာခဲ့ပြီးနောက် တရုတ်နှင့် ဥရောပတို့အကြား ပြီးခဲ့သည့် သီတင်းပတ်တွင် ဈေးနှုန်းကတိကဝတ်ညှိနှိုင်းမှုကို ပေကျင်းမြို့၌ ပြုလုပ်ခဲ့ကြကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၇-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
စျေးနှုန်းကတိကဝတ်ဆိုသည်မှာ နှစ်ဦးနှစ်ဘက် အပြန်အလှန်လက်ခံနိုင်သော အနိမ့်ဆုံး ပို့ကုန်စျေးနှုန်းကို ဆုံးဖြတ်ရန် နှစ်ဦးနှစ်ဘက် တန်းတူညီတူ ညှိနှိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဥရောပမှကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့သို့ နိုဝင်ဘာလ (၂)ရက်နေ့တွင် ရောက်ရှိခဲ့ပြီး လက်တွေ့ကျ၍ မျှတသောမူများကို အခြေခံပြီး စျေးနှုန်းကတိကဝတ်အစီအစဉ်ပါ အသေးစိတ်အချက်များကို နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက ပေကျင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အောက်တိုဘာလ (၂၅)ရက်နေ့တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao သည် ဥရောပကော်မရှင် အမှုဆောင်ဒုတိယဥက္ကဋ္ဌနှင့် ကုန်သွယ်ရေးကော်မရှင်နာ Valdis Dombrovskis နှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ကွဲလွဲမှုများကို ဖြေရှင်းရန်ဆန္ဒရှိကြောင်းကို ထပ်လောင်းပြောကြားခဲ့ပြီး ဈေးနှုန်းကတိကဝတ်အစီအစဉ်များသည် လက်ရှိအခြေအနေအတွက် ဖြေရှင်းရန်နည်းလမ်းအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source: https://www.chinadaily.com.cn/a/202411/07/WS672c9dc7a310f1265a1cc1b8.html
စီးပွားရေးသံမှူး၊ နန်နင်းမြို့