China (HongKong)

ဟောင်ကောင်ဒေသနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

ဟောင်ကောင်ဒေသနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေးနှင့် ထောက်ပံ့မှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဟောင်ကောင်ဒေသ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Alpha Lau နှင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာနမှ Associate Office Director-China ဖြစ်သူ Ayidh Alyami တို့က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် John Lee  နှင့် ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး  Al-Falih  တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

တစ်နိုင်ငံ စနစ်နှစ်မျိုးကျင့်သုံးမှုအရ ဟောင်ကောင်ဒေသသည် တရုတ်ပြည်မမှ အခိုင်အမာထောက်ခံမှုရရှိခြင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးနှင့် ချိတ်ဆက်ထားနိုင်သည့် အကျိုးကျေးဇူးများ ရရှိပါကြောင်း၊ ထို့ပြင် အာရှပစိဖိတ်ဒေသတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု ဗဟိုဌာနတစ်ခုဖြစ်ပြီး တရုတ်ပြည်မနှင့် နိုင်ငံရပ်ခြားမှ လုပ်ငန်းများအကြား တရုတ်ပြည်မနှင့် ကမ္ဘာဈေးကွက်တို့သို့ အသီးသီး ထိုးဖောက်နိုင်ရန်အတွက် ဟောင်ကောင်ဒေသ၏ အကောင်းဆုံး ချိတ်ဆက်ပေးရာ ဒေသနှင့် တန်ဖိုးမြှင့်ပေးသည့် အခန်းကဏ္ဍကို အသေအချာ အသုံးချသွားမည်ဖြစ်ကြောင်း၊ ဆော်ဒီအာရေဗျမှာလည်း ပင်လယ်ကွေ့ဒေသ၌ စီးပွားရေးအင်အားကောင်းပြီး၊ ကမ္ဘာ့ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အရေးပါသော အရင်းမြစ်တစ်ခုဖြစ်ကြောင်း၊ စာချုပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဟောင်ကောင်ဒေသနှင့် ဆော်ဒီတို့အကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု ယုံကြည်သည်ဟု ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

နားလည်မှုစာချွန်လွှာကို ဟောင်ကောင်ဒေသနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် ရည်မှန်းချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ နှစ်ဖက်အကြား အစည်းအဝေးနှင့် ညီလာခံများကျင်းပခြင်း၊ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ အပြန်အလှန် သွားရောက်ခြင်းနှင့် ကျွမ်းကျင်မှုဖလှယ်ခြင်းဖြင့် နှစ်ဖက်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် စီးပွားရေးအရဆက်ဆံမှု ခိုင်မာစေမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုအပြင် ဟောင်ကောင်ဒေသနှင့်ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးစာချုပ် Investment Promotion & Protection Agreement (IPPA) ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး၊ နှစ်ဖက်အကြား ဆွေးနွေးမှုများ ဆောလျင်စွာ အပြီးသတ်နိုင်ရေး  ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

IPPA လက်မှတ်ရေးထိုးခြင်းမှာ ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးရန်၊ မြှင့်တင်ပေးရန်နှင့် လမ်းဖွင့်ပေးရန်ရည်ရွယ်ပြီး၊ ရင်းနှီးမြှုပ်သူများ၏ ယုံကြည်မှုခိုင်မာစေပြီး၊ ဟောင်ကောင်နှင့် ကုန်သွယ်ဖက်များအကြား စီးပွားရေးရာဆက်ဆံမှု ပိုမိုရင်းနှီးပြီး တိုးတက်လာစေမည့် နှစ်ဖက်အကြားရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကိုလည်း တိုးတက်စေမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)