Korea

အလျှင်အမြန်တိုးတက်လာနေသည့် တရုတ်နိုင်ငံ၏ EV ဘက်ထရီထုတ်လုပ်သည့်ကုမ္ပဏီများက ကမ္ဘာ့ EV ဘက်ထရီဈေးကွက်တွင် ထိပ်တန်းနေရာရနေသည့် တောင်ကိုရီးယားနိုင်ငံ၏ LG Energy Solution အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာ

Last Updated:

လျှပ်စစ်ကားများအတွက်ဘက်ထရီ (EV battery) ထုတ်လုပ်သည့် တရုတ်နိုင်ငံရှိ ကုမ္ပဏီ များ၏ တိုးတက်နှုန်းသည် အလျှင်အမြန်အားကောင်းလာနေပြီး ပြည်တွင်းဈေးကွက်တွင်သာမက ကမ္ဘာ့ဈေးကွက်ကိုလည်း လျှင်မြန်စွာလွှမ်းမိုးလာနိုင်ပြီဖြစ်သည်ဟုတောင်ကိုရီးယားနိုင်ငံရှိ အသစ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာဈေးကွက်အပေါ် သုတေသနပြုလုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် SNE Research က နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ EV ဘက်ထရီဈေးကွက် (တရုတ်နိုင်ငံဈေးကွက်မပါဝင်) တွင် တောင်ကိုရီးယားနိုင်ငံရှိ LG Energy Solution Ltd. နှင့် တရုတ်နိုင်ငံရှိ China’s Contemporary Amperex Technology (CATL) တို့သည် ပထမနေရာရရှိရေးအတွက် ၂၀၂၃ ခုနှစ်အစပိုင်းကာလမှစတင်၍ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ယှဉ်ပြိုင်နေကြရကြောင်း၊ LG Energy Solution က ကမ္ဘာ့ဈေးကွက်ဝေစု၏ ၂၇.၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး CATL က ကမ္ဘာ့ဈေးကွက်ဝေစု၏ ၂၆.၅ ရာခိုင်နှုန်းအထိ ရရှိခဲ့သည့်အတွက် LG Energy Solution က ဈေးကွက်ဝေစု အနည်းငယ် (၁.၃ ရာခိုင်နှုန်း) ကိုသာ ပိုရနေပါကြောင်း၊ ဂျပန်နိုင်ငံရှိ Panasonic Holdings Corporation က ကမ္ဘာ့ဈေးကွက်ဝေစု၏ ၁၄.၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရှိ SK on က ၁၀.၉ ရာခိုင်နှုန်း၊ Samsung SDI က ၈.၇ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံရှိ BYD Auto Co., Ltd က ၁ ရာခိုင်နှုန်းစီ အသီးသီးရရှိခဲ့ပါကြောင်း SNE Research ၏ လျှပ်စစ်ကား များ (Electric Vehicles- EVs) အတွက် ဘက်ထရီသုံးစွဲမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

၂၀၂၃ ခုနှစ်၊ ပထမလေးလအတွင်း CATL မှ ထုတ်လုပ်သည့် EV ဘက်ထရီများကို တရုတ် နိုင်ငံပြင်ပတွင် သုံးစွဲမှုနှုန်းသည် ယခင်နှစ်အလားတူကာလကထက် ၉၇ ရာခိုင်နှုန်း မြင့်မားလာ ခဲ့ပြီး BYD Auto Co., Ltd မှ ထုတ်လုပ်သည့် EV ဘက်ထရီများကို သုံးစွဲမှုနှုန်းသည်လည်း (၇) ဆ မြင့်မားလာခဲ့ကြောင်း၊ သို့သော် အလားတူကာလတွင် LG Energy Solution မှ ထုတ်လုပ်သည့် EV ဘက်ထရီများကို သုံးစွဲမှုနှုန်းသည် ၄၉.၂ ရာခိုင်နှုန်းသာ မြင့်မားလာခဲ့ပြီး Samsung SDI ထုတ် EV ဘက်ထရီများကို သုံးစွဲမှုနှုန်းသည် ၂၉.၆ ရာခိုင်နှုန်းသာ မြင့်မားလာကြောင်း၊ အလားတူပင် SK on ထုတ် EV ဘက်ထရီများကို သုံးစွဲမှုနှုန်းသည်လည်း ၄.၈ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ တရုတ်နိုင်ငံ EV ဘက်ထရီကုမ္ပဏီများ၏ ဈေးကွက်ဝေစုရရှိမှု မြင့်မားလာသည့်နှုန်းထားက တောင်ကိုရီးယားနိုင်ငံကုမ္ပဏီများထက် များစွာသာလွန်နေခြင်းသည် မကြာမီကာလအတွင်း တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဈေးကွက်ဝေစုရရှိမှု ကွာဟချက် ပိုမိုလျှင်မြန်စွာ ကြီးမားလာမည့် လက္ခဏာကို မီးမောင်းထိုးပြနေပါကြောင်း SNE Research ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

ကမ္ဘာ့ကားထုတ်လုပ်သူများသည် လျှပ်စစ်ကားများထုတ်လုပ်မှုဘက်ကို အလျှင်အမြန်ကူးပြောင်းလာကြပြီဖြစ်သည့်အတွက် EV ဘက်ထရီဈေးကွက်အရွယ်အစားသည်လည်း ပိုမိုကြီးမားလာမည်ဖြစ်ပြီး တရုတ်နိုင်ငံရှိ EV ဘက်ထရီကုမ္ပဏီများသည် ဥရောပနှင့်အခြားသောနိုင်ငံများထံမှ အဝယ်အော်ဒါများစွာ လက်ခံရရှိနေပါကြောင်း တောင်ကိုရီးယားနိုင်ငံရှိ EV ဘက်ထရီလုပ်ငန်း ကဏ္ဍ မှ အရာထမ်းတစ်ဦးကပြောကြားခဲ့ပါသည်။

                   

 

                                     

  Source: Hankyoreh

 (စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea