Korea

အိန္ဒိယနိုင်ငံသည် တောင်ကိုရီးယားကုမ္ပဏီများအတွက် အဓိကရင်းနှီးမြှုပ်နှံရန်နိုင်ငံဖြစ်လာ

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် တောင်အာရှဒေသရှိ စားသုံးသူလူဦးရေမြင့်မားသည့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏမြင့်မားလာသည့်အတွက် တောင်ကိုရီးယားကုမ္ပဏီများသည် အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားမှုမြင့်မားလာပါသည်။

နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလီယံအထိ မှတ်တမ်းတင်ဖွယ် မြင့်မားလာခဲ့ပါသည်။ အဆိုပါနှစ်အတွင်း အိန္ဒိယနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ ဝယ်ယူတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၈.၈ ဘီလီယံ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသို့ အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံဖြစ်ပါသည်။ လွန်ခဲ့သည့် (၄) နှစ် ဖြစ်သည့် ၂၀၁၉ ခုနှစ်က  နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံသာရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံဖိုးသာ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံအထိ ကျဆင်းသွားပြီးနောက် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံအထိ ပြန်လည်မြင့်မားခဲ့ပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလီယံအထိ မှတ်တမ်းတင်ဖွယ်မြင့်မားလာခြင်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိကာလတွင် တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၁.၇ ဘီလီယံဖိုးတင်ပို့နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံဖိုး တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှတောင်ကိုရီးယားနိုင်ငံသို့ အဓိကတင်ပို့သည့်ကုန်စည်များမှာ တွင်းထွက်လောင်စာများ၊ ရေနံပေါင်းခံဆီများ၊ ကောက်ပဲသီးနှံများ၊ သံနှင့်သံမဏိများစသည် တို့ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့်ကုန်စည်များမှာ မော်  တော်ယာဉ်အစိတ်အပိုင်းများ၊ တယ်လီဖုန်းဆက်သွယ်မှုကိရိယာများ၊ မီးအပူပေးပြီးဖြစ်သည့် သံထည်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ချောဆီများ၊ လျှပ်စစ်ပိုင်းဆိုင်ရာစက်ပစ္စည်းများ၊ သံနှင့် သံမဏိထွက်ကုန်များစသည်တို့ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံတွင် တောင်ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုမြှင့်တင်ရန် “Korea Plus” Initiative အစီအစဉ်ဆောင်ရွက်ခဲ့သဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ FDI စီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံ အထိရောက်ရှိခဲ့သည်ဟု Export-Import Bank of Korea (တောင်ကိုရီးယားနိုင်ငံပို့ကုန်-သွင်းကုန်ဘဏ်) က ထုတ်ပြန်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ FDI စီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံ အထိရောက်ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံမှ TaTa Daewoo နှင့် Aditya Birla Group တို့က အဓိကရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ပါသည်။ Ta Ta Motors သည် တောင်ကိုရီးယားနိုင်ငံရှိ Daewoo Commercial Vehicle Company ကို ၂၀၀၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor မှ အိန္ဒိယနိုင်ငံသို့ ကားအစီးရေ ရောင်းချရမှုအရေအတွက်သည် ၄၅၀,၀၀၀ စီးအထိ ရောက်ရှိခဲ့သဖြင့် ယခင်နှစ်ကထက် ၈.၈ ရာခိုင်နှုန်းခုန်တက်ခဲ့ပါသည်။ Kia ကားအရေအတွက်သည်လည်း စုစုပေါင်း ၂၀၀,၀၀၀ စီး တင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ်ကထက် ၁.၁ ရာခိုင်နှုန်းမြင့်မားခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင် Hyundai Motor ၏ ကားများရောင်းချရမှုမြင့်မားလာခြင်းသည်  Hyundai ၏ ရည်မှန်းချက်ဖြစ်သည့် ကမ္ဘာ့ကားထုတ်လုပ်သူများအကြား တတိယမြောက်အကြီးဆုံး (Big 3) အဖြစ်ရောက်ရှိအောင်အထောက်အပံ့ ပေးနိုင်လာပါသည်။

ဘဏ္ဍာရေးကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှုနှင့် ငွေလွှဲမှုပမာဏများမြင့်မားလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၏ State Bank of India သည် တောင်ကိုရီးယားနိုင်ငံတွင် ဘဏ်ခွဲလာရောက်ဖွင့်လှစ်ကာ အိန္ဒိယနှင့် ကိုရီးယားကုမ္ပဏီများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံမှ ဘဏ် (၆) ဘဏ် (KEB Hana၊ Kook min၊ Shinhan၊ Woori၊ NongHyup နှင့် IBK) သည်လည်း အိန္ဒိယနိုင်ငံတွင် ဘဏ်ခွဲများ ဖွင့်လှစ်ပြီးဖြစ်ပါသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံတွင် ကိုရီးယားကုမ္ပဏီအရေအတွက်စုစုပေါင်း ၆၀၀ ကျော် ဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်နေကြသည်ဟု ဆိုးလ်မြို့ရှိ အိန္ဒိယသံရုံးကပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံတွင် ထပ်မံရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများမှာ LG Energy Soulution ၏ ဖက် စပ်ဘက်ထရီစက်ရုံ၊ ဆမ်ဆောင်းအီလက်ထရောနစ်၏ ဈေးနှုန်းသက်သာသော Galaxy Tab A9 Tablet၊ ချနိုင်းမြို့ရှိ လက်ရှိ Lotte Wellfood စက်ရုံတွင် Choco Pie ထုတ်လုပ်ရန် စက်ရုံတိုးချဲ့ဆောက်လုပ်ခြင်းတို့ပင်ဖြစ်ကြပါသည်။

နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးတက်လာခြင်းသည် နှစ်နိုင်ငံခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာခြင်း၏အကျိုးဆက်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယောသည် နယူးဒေလီတွင်ကျင်းပခဲ့သည့် G20 Summit တက်‌ရောက်စဉ်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

 

Source: https://www.koreatimes.co.kr/www/nation/2023/10/113_360855.html#:~:text=India%20has%20emerged%20as%20major,record%20level%20of%20%2427.8%20billion.

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea