Thailand

ထိုင်းနိုင်ငံရှိ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်မြှင့်တင်ရန် တက်ကြွသော ချဉ်းကပ်မှုဖြင့် ဆောင်ရွက်သွားနိုင်ရေး ထိုင်းအစိုးရကို တိုက်တွန်းထား

Last Updated:

နိုင်ငံခြား စီးပွားရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံသည် ကမ္ဘာ့ထုတ်လုပ်မှုအချက်အချာဖြစ်စေရေး လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုတွင် အာရုံစိုက်နေသကဲ့သို့ အငယ်စားနှင့် အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း တက်ကြွသော ချဉ်းကပ်မှုဖြင့်ဆောင်ရွက်နိုင်‌ရန် အစိုးရကိုတိုက်တွန်းထားပါကြောင်း စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး၏ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားပါ သည်။

ကုန်သွယ်ရေးမူဝါဒ နှင့် မဟာဗျူဟာရုံးသည် နိုင်ငံနှင့် ၁၀၀ ရာခိုင်နှုန်း ထိုင်းနိုင်ငံသားပိုင်ဆိုင်သော၊ ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား ပူးပေါင်းပိုင်ဆိုင်သော နှင့် ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် စသည့် အဓိက စီးပွားရေး ပုံစံအမျိုးအစား အပါအဝင် လုပ်ငန်းအရွယ်အစား (အငယ်၊ အလတ်၊ အကြီး) ပေါ်မူတည်၍ ပို့ကုန်ဆိုင်ရာ အချက်အလက်များကို သုံးသပ်နေပါကြောင်း၊ ၂၀၂၂ ခုနှစ် ပို့ကုန်အချက် အလက်များအရ အမေရိကန်ဒေါ်လာ ၁၀၇ ဘီလီယံသည် နိုင်ငံခြားသားပိုင်လုပ်ငန်းမှ ထိပ်တန်း ကုန်စည် အမျိုးအစား ၅၀ မျိုးမှ ဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၈၅.၃ ဘီလီယံ နှင့် ထိုင်းနိုင်ငံသားပိုင်မှ အမေရိကန်ဒေါ်လာ ၂၄.၈ ရာခိုင်နှုန်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားပါသည်။

ထိုင်းနိုင်ငံသားပိုင်လုပ်ငန်းများ၏ ပို့ကုန်ကို အသေးစိတ်လေ့လာကြည့်ပါက ၁၀၀ ရာခိုင်နှုန်း ထိုင်းနိုင်ငံသားပိုင်နှင့် ၅၁ ရာခိုင်နှုန်းနှင့်အထက် ထိုင်းနိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းကြီးများဖြစ်ကြောင်း၊ ထိုင်း အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ပို့ကုန်ကဏ္ဍမှ ဝင်ငွေရရှိမှုတွင် နည်းပါးနေသေးပါကြောင်း၊ ထိုင်း အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံရရှိနိုင်ရေး မြှင့်တင်ပေးရန် လိုအပ်ကြောင်း Mr. Poonpong က သုံးသပ်အကြံပြုထားပါသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့ရှိ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများစွာ၏ ပို့ကုန်တန်ဖိုးမြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ထုတ်လုပ်မှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေး ယှဉ်ပြိုင်နိုင်မှုစွမ်းရည်အတွက် မူဝါဒများနှင့် ဘဏ္ဍာငွေ ထောက်ပံ့ပေးသင့်ပါကြောင်း၊ သို့မှသာ လုပ်ငန်းရှင်များက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှပေးအပ်သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ပို့ကုန်ဦးစားပေး လုပ်ငန်းရှင်များ တိုးမြင့်လာစေရေး အကြံပြုလိုပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်၊ ချင်းရိုင်၊ တာခ်၊ လန်ဘွန်းနှင့် လန်းပန်တွင် အငယ်စားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်း ၁,၂၆၁ ခု ရှိပြီး ဒုတိယ အများဆုံးဒေသဖြစ်ပါကြောင်း၊ ကျောက်မျက် ရတနာ၊ အလှကုန်ပစ္စည်း၊ ဆပ်ပြာ၊ သစ်နှင့်သစ်လုပ်ပစ္စည်း၊ ရာဘာပစ္စည်း၊ စည်သွပ်နှင့် ပြုပြင်ပြီး အသီးအနှံ၊ ဆန်နှင့် အဖျော်ယမကာတို့ဖြစ်ပြီး အဓိက ပို့ကုန်များဖြစ်ကြောင်း၊ အနောက်မြောက်ပိုင်းရှိ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ၇၁၀ ခု မှ ဆန်၊ စည်သွပ်နှင့် ပြုပြင်ပြီး အသီးအနှံ၊ အဖျော်ယမကာ၊ ဆပ်ပြာ၊ အရေပြားထိန်းသိမ်းသည့်အလှကုန်နှင့် အထည်အလိပ်တို့ကို အဓိကတင်ပို့ပါကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးက ထုတ်ပြန်ထားပါသည်။

နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမှုရှိစွာ ထုတ်လုပ်ထားသည့် အဆင့် ၄ ရှိ One Tambon, One Product (OTOP) လုပ်ငန်းများ ၉,၉၂၅ ခု ရှိပြီး ၎င်းတို့ကို ထောက်ပံ့ပေးရန် အစိုးရကို အဆိုပြုလို ပါကြောင်း၊ အနာဂတ်တွင် လိုအပ်လာမည့် အရည်အသွေးပြည့်မီသော လုပ်သားများပေါ်ထွက်လာစေရေးပညာရေးနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထိုင်းနိုင်ငံ၏ Trust Mark (T-Mark) ကို မြှင့်တင်ပေးခြင်းဖြင့် ထောက်ပံ့ပေးနိုင်ကြောင်း၊ ပို့ကုန်တန်ဖိုးတွင် နိုင်ငံခြားသားလုပ်ငန်းရှင်များဖြစ်သည့် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား တို့သည် ထိပ်တန်းကုန်စည် ၅၀ မျိုးကို တင်ပို့နေသူများဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်လည်း ထိုင်းနိုင်ငံတွင် လုပ်ငန်း စတင်နေပြီဖြစ်ပြီး ၎င်း၏ ပို့ကုန်ကိုမြှင့်တင်နေပြီဖြစ်ကြောင်း၊ ယင်း ၄ နိုင်ငံမှ အလုပ်အကိုင်အခွင့်အလမ်း ၆၃၀,၀၀၀ ကို ဖန်တီးပေးထားပါကြောင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ လေအေးပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ၊ ထရန်စစ္စတာနှင့် ဒိုင်အုတ်စ်များ၊ အဝတ်လျှော်စက်များ၊ အခြောက်ခံစက်များနှင့် ဆက်စပ်ပစ္စည်းများသည် နိုင်ငံခြားသားလုပ်ငန်းများမှ ပို့ကုန်တွင်ပါဝင်မှုများပါကြောင်း Mr. Poonpong က ဆက်လက်ပြောကြားပါသည်။

 

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ဗန်ကောက်မြို့)  

Category: Thailand