၂၀၁၈ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့်နှင့် ဗဟိုဘဏ် (Federal Reserve) ဥက္ကဋ္ဌ Mr. Jerome Powell တို့သည် အတိုးနှုန်းကိစ္စရပ်နှင့်ပတ်သက်၍ သဘောထားမတိုက်ဆိုင်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ဗဟိုဘဏ်အရာရှိများက အကယ်၍အရေးပေါ်အခြေအနေတစ်ရပ်ရပ်ကို ရင်ဆိုင်ကြုံတွေ့ရပါက အမေရိကန်ဗဟိုဘဏ်၏ ဂုဏ်သိက္ခာကိုကာကွယ်ရန် ဥပဒေအရစိန်ခေါ်မှုပြုလုပ်ရန် ပြင်ဆင်ထားခဲ့ကြောင်း၊ ဥက္ကဋ္ဌ Mr. Jerome Powell က ယင်းကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် ဘဏ္ဍာရေး ဝန်ကြီး Mr. Setven Mnuchin အား အကယ်၍ သမ္မတက ၎င်းအားရာထူးမှ ထုတ်ပယ်ခဲ့လျှင် ဥပဒေအရ ရင်ဆိုင်သွားမည်ဟုပြောကြားခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်က အတိုးနှုန်းလျှော့ချလိုသော်လည်း ဗဟိုဘဏ်ကအတိုးနှုန်းကို တိုးမြှင့်ခဲ့ကြောင်း၊ ဥက္ကဋ္ဌ Mr. Jerome Powell အနေဖြင့် ဥပဒေအရရင်ဆိုင်ခြင်းသည် နောင်တာဝန်ယူမည့် ဗဟိုဘဏ်ဥက္ကဋ္ဌများအနေဖြင့် မူဝါဒရေးရာအငြင်းပွားမှုကြောင့် ရာထူးမှဖယ်ရှားခံရမည့် ခြိမ်းခြောက်မှုအန္တရာယ်မှကာကွယ်ရာတွင် အလွန်အရေးကြီးကြောင်း၊ ယင်းသို့ဖြစ်ပွားပြီး (၆) နှစ်ကြာပြီးနောက် ဒေါ်နယ်ထရမ့်အနေဖြင့် ဒုတိယအကြိမ်သမ္မတ ရာထူးထမ်းဆောင်စဉ်တွင် အကယ်၍ ဗဟိုဘဏ်ဥက္ကဋ္ဌအား ရာထူးမှနုတ်ထွက်ခိုင်းပါက နုတ်ထွက်ရန်ရှိမရှိ မေးမြန်းရာ ၎င်းက နုတ်ထွက်မည်မဟုတ်ဟုဖြေကြားခဲ့ကြောင်း၊ ထို့အပြင် သမ္မတတွင် ၎င်းအား ရာထူးမှဖယ်ရှားရန် အခွင့်အာဏာရှိမရှိ မေးမြန်းခဲ့ရာ အလားတူပင်ဖြေကြားခဲ့ကြောင်းသိရှိရပါသည်။ ဥက္ကဋ္ဌ Mr. Jerome Powell နှင့် ဗဟိုဘဏ်အရာရှိများသည် ဒေါ်နယ်ထရမ့်အား နှိုးဆွစေမည့်စကား သို့မဟုတ် ရွေးကောက်ပွဲနှင့်ပတ်သက်သည်များကို ပြောဆိုရန် ရှောင်ရှားလျက်ရှိကြောင်း၊ သို့ရာတွင် လွန်ခဲ့သော ရက်သတ္တပတ်အတွင်းမှသာ အမေးများ၍သာ ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းအတွင်း ၎င်းနှင့်ဗဟိုဘဏ်တို့အကြား ဆက်ဆံရေးကို ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်သည့်အခြေအနေနှစ်ရပ်ရှိပြီး ပထမအချက်မှာ ၎င်း၏ပထမအကြိမ်သမ္မတသက်တမ်းတွင် ဗဟိုဘဏ်၏လစ်လပ်ဘုတ်အဖွဲ့ဝင် (၅)နေရာကို ဖြည့်တင်းခန့်ထားခဲ့ရသော်လည်း ယခုဒုတိယအကြိမ်တွင် ၎င်း၏သမ္မတသက်တမ်း (၂)နှစ်ပြည့်ပြီးမှသာ လစ်လပ်(၁) နေရာရှိလာမည်ဖြစ်ခြင်းနှင့် ဒုတိယအချက်မှာ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်နေဆဲကာလတွင် ဗဟိုဘဏ်ဥက္ကဋ္ဌကို ရာထူးမှထုတ်ပယ်ခြင်းတို့ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ လက်ရှိကာလတိုနှင့် ကာလရှည်အတိုးနှုန်းများသည် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းရှိနှုန်းများထက်မြင့်မားလျက်ရှိပြီး ဒေါ်နယ်ထရမ့်ကလည်း ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းလျှော့ချရန် အကြိမ်ကြိမ် ကတိပြုထားရာ အတိုးနှုန်းလျှော့ချလိုသဖြင့် ဥက္ကဋ္ဌ Mr. Jerome Powell အား အလုပ်မှထုတ်ပယ်ခဲ့လျှင် ဝေဖန်မှုများရှိလာနိုင်ပြီး အကယ်၍ထုတ်ပယ်ခဲ့ပါကလည်း ဈေးကွက်တုံ့ပြန်မှုလည်း ဆိုးရွားလာနိုင် သည်ဟု JP Morgan Chase ၏ စီးပွားရေးပညာရှင် Mr. Michael Feroli က ဆိုကြောင်း၊ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းသည် ဗဟိုဘဏ်နှင့် အိမ်ဖြူတော်တို့အကြား ထိပ်တိုက်ကြုံတွေ့မှုကို မြင့်မား လာစေနိုင်ကြောင်း သိရှိရပါသည်။
ဗဟိုဘဏ်သည် ၁၉၇၀ ပြည့်နှစ် ငွေကြေးဖောင်းပွမှုမြင့်တက်ခဲ့စဉ်ကပင် ငွေကြေးမူဝါဒကို အမှီအခိုကင်းစွာဖြင့်ချမှတ်နိုင်ခဲ့ကြောင်း၊ သမ္မတရစ်ချက်နစ်ဆင်က ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ၎င်း၏ အကြံပေးတို့အား ၁၉၇၂ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ မူဝါဒများဖြေလျော့ရန် လျှို့ဝှက်စွာဖိအားပေးခဲ့သည်ဟု သမ္မတအိမ်ဖြူတော်မှတ်တမ်းများအရ သိရှိရကြောင်း၊ ၁၉၈၀ ပြည့်နှစ်များတွင် အမေရိကန် ဗဟိုဘဏ်နှင့် အခြားနိုင်ငံများမှ ဗဟိုဘဏ်များသည် ကာလရှည်စီးပွားရေးအကျိုးကို မျှော်မှန်းလျက် ၎င်းတို့အစိုးရများ၏ ဝင်ရောက်စွက်ဖက်ခြင်းမှ သီးခြားရပ်တည်ရန် ကြိုးပမ်းခဲ့ကြကြောင်းသိရှိရ ပါသည်။
Mr. Jerome Powell အား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ်တွင် သမ္မတအိုဘားမားက ခန့်ထားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့်က ၎င်းအား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ထပ်မံခန့်ထားခဲ့ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်လက်ထက်တွင်လည်း ၎င်းအား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် နောက်ထပ် (၄)နှစ် တာဝန်ယူရန် ၂၀၂၂ ခုနှစ်တွင်ခန့်ထားခဲ့ပြီး ယင်းသို့ခန့်ထားချိန်တွင် အထက်လွှတ်တော်ကိုယ်စားလှယ် (၈၀) က ထောက်ခံမဲပေးခဲ့ကြကြောင်း၊ Mr. Jerome Powell ၏ ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးသက်တမ်းသည် ၂၀၂၆ ခုနှစ်၊ မေလတွင် ကုန်ဆုံးမည်ဖြစ်ပြီး ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင်ရာထူးသက်တမ်းသည် ၂၀၂၈ ခုနှစ် နှစ်ဆန်းပိုင်းတွင်ကုန်ဆုံးမည်ဖြစ်ကြောင်း၊ ဒေါ်နယ် ထရမ့်သည် ၎င်း၏ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ဗဟိုဘဏ်ဥက္ကဋ္ဌအား ထုတ်ပယ်၍မရသဖြင့် ဥက္ကဋ္ဌရာထူးချ၍ အခြားဗဟိုဘဏ်ဘုတ်အဖွဲ့ဝင်တစ်ဦးကို ရာထူးတိုးမြှင့်ပေးရန် ကြိုးပမ်းခဲ့ကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က ၎င်း၏ ရာထူးသက်တမ်းကုန်ဆုံး၍ အလုပ်မှရပ်နားခြင်းမှလွဲ၍ ရာထူးကို၎င်း၏ဆန္ဒအလျောက် စွန့်လွှတ်မည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သို့ရာတွင် Mr. Jerome Powell အနေဖြင့် ၎င်းအားရာထူးမှ ထုတ်ပယ်ခြင်းကို ဥပဒေအရ စိန်ခေါ်နိုင်ခြင်းရှိ/မရှိမှာ မသေချာကြောင်း၊ ယခင်သမ္မတ လိုင်ဒန်ဘီဂျွန်ဆင်သည် ၎င်း၏ဗဟိုဘဏ် ဥက္ကဋ္ဌအား မူဝါဒရေးရာအငြင်းပွားမှုကြောင့် ရာထူးမှထုတ်ပယ်ရန် ၎င်း၏ရှေ့နေအား မေးမြန်းခဲ့ရာ ရာထူးမှ ထုတ်ပယ်နိုင်ခြင်းမရှိဟုဖြေကြားခဲ့သဖြင့် ဗဟိုဘဏ်ဥက္ကဋ္ဌအားခေါ်ယူကာ တိတ်တဆိတ်ကြိမ်းမောင်းခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏အငြင်းပွားမှုကို လူထုကိုအသိမပေးဘဲ ဖုံးကွယ်ခဲ့ကြောင်း ဖော်ပြထားသည်ကို သိရှိရပါသည်။
ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ ချမှတ်လာနိုင်သည့်စီးပွားရေး၊ ကုန်သွယ်ရေးမူဝါဒများကြောင့် တရုတ်အပါအဝင်ဥရောပနိုင်ငံများကလည်း ဖြစ်လာနိုင်ခြေရှိသည့် သက်ရောက်မှု များကိုတုံ့ပြန်ရန် ကြိုတင်ပြင်ဆင်လျက်ရှိကြကြောင်း သိရှိရပြီး အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက ၎င်းအားရာထူးမှထုတ်ပယ်ပါက ဥပဒေအရရင်ဆိုင်သွားမည့်သတင်းများကို သိရှိရပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ