USA

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွက် အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်အစီရင်ခံစာ အပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်

Last Updated:

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွက် အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်အစီရင်ခံစာအပေါ် သမ္မတ ဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတအိမ်ဖြူတော်ဝက်ဘ်ဆိုက်၍ ၈-၁၂-၂၀၂၃ ရက်နေ့တွင် “Statement from President Joe Biden on the November Jobs Report” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အလုပ်အကိုင်အစီရင်ခံစာနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အလုပ်အကိုင်ပေါင်း (၁၉၉,၀၀၀) ဖန်တီးပေးခဲ့ပြီး ၎င်း၏အစိုးရ စတင်တာဝန် ထမ်းဆောင်သည့် အချိန်မှစ၍ အမေရိကန်နိုင်ငံသားများအတွက် အလုပ်အကိုင်ပေါင်း (၁၄) သန်းဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ အလုပ်လက်မဲ့နှုန်းသည် (၂၂) လကြာအထိ(၄) ရာခိုင်နှုန်း အောက် ရှိနေခဲ့ပြီး ငွေကြေးဖောင်းပွမှုမှာလည်း သုံးပုံနှစ်ပုံခန့်ကျဆင်းခဲ့ပါကြောင်း၊ အလုပ်သမားများ လုပ်ခလစာနှင့် မိသားစုများ၏ ချမ်းသာကြွယ်ဝမှုသည် ငွေကြေးဖောင်းပွမှုကိုထည့်သွင်းတွက်ချက် ပြီးနောက် ယခင်ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက ပိုမို၍မြင့်တက်လာခဲ့ ပါကြောင်း၊ စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုလျော့ကျရန် ဆောင်ရွက်ရာတွင် အခြားဖွံ့ဖြိုးပြီး နိုင်ငံများထက်အောင်မြင်မှုပိုမို၍ ရရှိခဲ့ပါကြောင်း ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။

စီးပွားရေးတိုးတက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျလာခဲ့သော်လည်း ကုန်ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်သဖြင့် ကျန်းမာရေးအတွက် ဆေးဝါးစရိတ်၊ ကျန်းမာရေးအာမခံပရီမီယံကြေးနှင့် အသုံးအဆောင်ပစ္စည်းအတွက် ကျသင့်ငွေများကို လျှော့ချရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ်၊ လေကြောင်းလိုင်းနှင့် အခြားကုမ္ပဏီများက ကောက်ခံနေသည့် မလိုလားအပ်သောအခကြေးငွေများ ပေးဆောင်ရမှုမရှိစေရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန်လည်း ကော်ပိုရေးရှင်းကြီးများကို တောင်းဆိုလျက်ရှိပါကြောင်း၊  သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် အမေရိကန် နိုင်ငံသားများအတွက် ထိုသို့ဈေးနှုန်းများ လျှော့ချရန်ဆောင်ရွက်နေသော်လည်း ရီပတ်ဘလင်ကန် လွှတ်တော်အမတ်များက လွှတ်တော်တွင် Big Pharma အတွက် အကျိုးအမြတ်ရရှိစေရန်နှင့် ဆေးဝါး အသုံးစရိတ်များကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ ကော်ပိုရေးရှင်းကြီးများအတွက် အခွန်ကောက်ခံမှုလျှော့ချရန်လည်းကောင်း ဆွေးနွေးလျက်ရှိပါကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဖူလုံရေးစရိတ်များဖြတ်တောက်ရန် ဆွေးနွေးနေသည်မှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွက် အလုပ်အကိုင် ခန့်ထားမှု အစီရင်ခံစာ (Employment Situation Report) ကို ၈-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အလုပ်လက်မဲ့ နှုန်းသည် (၃.၇) ရာခိုင်နှုန်းရှိကြောင်း၊ ယခင် (၃)လအတွင်း ပျမ်းမျှအားဖြင့် အလုပ်အကိုင်ခန့်ထားမှု (၂၀၄,၀၀၀) အထိရှိခဲ့ကြောင်းနှင့် တစ်နာရီလုပ်ခလစာသည် တစ်နှစ်တာ အတွင်း (၄) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပြီး သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဦးတည်၍ ၎င်းလက်ထက်တွင် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုလျော့ကျလာကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည့်အပြင် သမ္မတဂျိုးဘိုင်ဒင်၏ Bidenomics စီးပွားရေးအစီအစဉ်သည် ကောင်းမွန်သည့်အစီအစဉ်တစ်ခုဖြစ်ကြောင်း မီးမောင်းထိုးပြနေသည့် ထုတ်ပြန်ချက်တစ်ရပ်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA