China(Nanning)

RCEP သည် ကုန်သွယ်မှုနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအပေါ် ယုံကြည်မှုမြင့်တက်လာစေခဲ့

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)၌ စတင်အသက်ဝင်သည့်နေ့ဖြစ်သောဇွန်လ(၂)ရက်နေ့တွင် တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ်ရှိ Chizhou အကောက်ခွန်ဌာနမှ ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့သည့် ကုန်ပစ္စည်းများအတွက် RCEP အတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(CO Form) များကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ CO Form များကြောင့် Anhui Xingxin New Materials Co., Ltd. သည် ၎င်း၏ စက်မှုဓာတုပစ္စည်း (၆.၂၅)တန် တင်ပို့မှုအတွက် အကောက်ခွန်သက်သာခွင့် ယွမ် (၂၈,၀၀၀) (အမေရိကန်ဒေါ်လာ ၃၉၃၇.၂၈ခန့်) ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ၏ကုန်ကျစရိတ်များကို လျှော့ချပေးပြီး ပြည်ပဈေးကွက်များကို ပိုမိုချဲ့ထွင်ရန် အထောက်အကူဖြစ်စေကြောင်း အဆိုပါကုမ္ပဏီ၏ အရောင်းဌာနခေါင်းဆောင် Lyu Yuxiang က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံအပြင် ဗီယက်နမ်၊ ထိုင်း၊ ကိုရီးယားသမ္မတနိုင်ငံတို့ကဲ့သို့ အခြားသော RCEP အဖွဲ့ဝင်နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများနှင့် နီးကပ်သော ဆက်ဆံရေးရှိကြောင်းလည်း သိရှိရပါသည်။

RCEP ကို အကောင်အထည်ဖော်ခြင်းသည် အကောက်ခွန်လျှော့ချခြင်းနှင့် လျင်မြန်သော အကောက်ခွန်ရှင်းလင်းခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိစေသည်ဟု Lyu Yuxiang က ပြောကြားခဲ့ပြီး ကုမ္ပဏီ၏နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၂)သန်းကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂)သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

RCEP သည် တရုတ်နိုင်ငံရှိ နိုင်ငံခြားကုန်သွယ်မှုဆောင်ရွက်နေသော ကုမ္ပဏီများကို ယုံကြည်မှုပိုမိုခိုင်မာစေကြောင်း၊ Anhui ပြည်နယ် Huangshan မြို့၌ ၉-၆-၂၀၂၃ ရက်နေ့နှင့် ၁၀-၆-၂၀၂၃ ရက်နေ့တို့တွင် ကျင်းပခဲ့သော ဖိုရမ်တစ်ခု၌ စီးပွားရေးကိုယ်စားလှယ်တချို့သည် RCEP အဖွဲ့ဝင်နိုင်ငံများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် စိတ်အားထက်သန်စွာ ပြောဆိုခဲ့ကြကြောင်းသိရှိရပါသည်။

အဆိုပါဖိုရမ်၌ တရုတ်နိုင်ငံ၏ ဘိလပ်မြေလုပ်ငန်းတွင် ထိပ်တန်းကုမ္ပဏီဖြစ်သည့် Conch Group Co., Ltd. ၏ ဥက္ကဋ္ဌ Yang Jun က ၎င်းတို့ကုမ္ပဏီသည် RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုကို ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်မည်ဖြစ်ပြီး အရည်အသွေးမြင့်မား၍ စွမ်းဆောင်ရည်ပြည့်ဝသည့် RCEP ကုန်သွယ်မှုထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်မည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ဖိုရမ်အတွင်း ကုန်သွယ်မှု၊ ယဉ်ကျေးမှုနှင့် ချစ်ကြည်ရေးမြို့များဆိုင်ရာ သဘောတူစာချုပ်စုစုပေါင်း (၁၃) ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး တရုတ်နိုင်ငံ Anhui ပြည်နယ်နှင့် လာအိုနိုင်ငံ Attapeu ပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးသည့် ပြည်နယ်ဆက်ဆံရေးတစ်ရပ် ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။

RCEP တွင် အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်ကြောင်း၊ RCEP သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု (၉၀) ရာခိုင်နှုန်းကျော်အပေါ် အခွန်စည်းကြပ်မှုများကို တဖြည်းဖြည်း ဖယ်ရှားပစ်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အခြားသော RCEP အဖွဲ့ဝင်များအကြား ကုန်သွယ်မှုသည် ယခင်နှစ်ထက် (၇.၅) ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ်ငွေ (၁၂.၉၅)ထရီလီယံ (အမေရိကန် ဒေါ်လာ ၁.၈၂ ထရီလီယံခန့်) ရှိပြီး တရုတ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုး၏ (၃၀.၈)ရာခိုင်နှုန်းရှိကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နိုင်ငံနှင့် RCEP နိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုတိုးတက်လာခြင်းလည်းပါဝင်ကြောင်း၊ ဥပမာအားဖြင့် တရုတ်နှင့်အင်ဒိုနီးရှား၊ စင်ကာပူ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့နှင့် ကုန်သွယ်မှုသည် နှစ်စဉ် (၂၀)ရာခိုင်နှုန်းကျော် တိုးလာကြောင်းနှင့် ၎င်းကိန်းဂဏန်းများသည် RCEP ၏ စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုကို ပြသနေကြောင်း အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn က အဆိုပါဖိုရမ်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

 

Source:https://english.news.cn/20230611/08da219052ba41ad89a3cbbf2b6a47d8/c.html

(စီးပွားရေးသံမှူး၊ နန်နင်း)

Category: China(Nanning)