China(Nanning)

တရုတ်နိုင်ငံသည် နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် ခြေလှမ်းများစတင်နေ

Last Updated:

လွတ်လပ်သောကုန်သွယ်ရေးဇုန်များ (Free Trade Zones -FTZs) နှင့် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း (Free Trade Port-FTP) တို့ကို အဆင့်မြှင့်တင်ခြင်းဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုန်း၊ တီယန်ကျင်း၊ ဖူကျန့်နှင့် အခြားလွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်များနှင့် ဟိုင်နန်လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်းတို့တွင် ပြုပြင်ပြောင်းလဲမှုများကို ပိုမိုအားကောင်းစေမည့် အစီအမံအသစ်များအား မကြာသေးမီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစီအမံများသည် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးကို လွယ်ကူချောမွေ့စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ယာယီဝင်ရောက်မှုကို အဆင်ပြေချောမွေ့စေရေးနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးတို့အပါအဝင် အဓိကနယ်ပယ်များစွာကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

လွတ်လပ်သော ကုန်သွယ်ရေးဇုန်များနှင့် ပတ်သက်သည့် ထိုအစီအမံသစ်များသည် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) နှင့် Digital Economy Partnership Agreement (DEPA) တို့သို့ တရုတ်နိုင်ငံမှ ဝင်ရောက်နိုင်ရေးအတွက် လက်တွေ့ကျသော အထောက်အပံ့ဖြစ်သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး Chen Chunjiang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

အဆိုပါအစီအမံသစ်များအရ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်များတွင် လုပ်ငန်းလုပ်ကိုင်နေသော ပြည်ပငွေရေးကြေးရေး အဖွဲ့အစည်းများကို ပြည်တွင်းလုပ်ငန်းများအတွက် ခွင့်ပြုထားပြီးဖြစ်သည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအချို့ကို ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်စည်ကုန်သွယ်မှု အားကောင်းလာစေရန်အတွက် အဆိုပါအစီအမံများကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၎င်းတို့၌ အဓိကစီးပွားရေးလုပ်ငန်းများတွင် ပြန်လည်ထုတ်လုပ်ထားသော ကုန်ပစ္စည်းများ တင်သွင်းခြင်းအတွက် စမ်းသပ်စီမံချက်များ၊ ဟိုင်နန်လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်းတွင် ပြုပြင်ပြီးသည့် လေယာဉ်နှင့် ရေယာဉ်များအတွက် အခွန်ကင်းလွတ်ခွင့်နှင့် အထူးသတ်မှတ်ထားသည့် သွင်းကုန်ပစ္စည်းများအတွက် ယာယီအကောက်ခွန်နှင့် အခွန်ကင်းလွတ်ခွင့်တို့ ပါဝင်ပါကြောင်း သိရှိရပါသည်။

ထို့အပြင် စမ်းသပ်ဇုန်များ၌ ရုံးခွဲများ (သို့မဟုတ်) လုပ်ငန်းခွဲများတည်ထောင်မည့် ပြည်ပလုပ်ငန်းများမှ အကြီးတန်းမန်နေဂျာများအတွက် ယာယီနေထိုင်ခွင့်ကို (၂)နှစ်အထိ သက်တမ်းတိုးခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့၏အိမ်ထောင်ဖက်များနှင့် မိသားစုဝင်များကိုလည်း အလားတူ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

လွတ်လပ်သောကုန်သွယ်ရေးဇုန်များနှင့် ပတ်သက်သည့် အဆိုပါအစီအမံများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အလွန်အရေးပါပြီး ဘဏ္ဍာငွေဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချပေးမည့်အပြင် လုပ်ငန်းများ ရင်ဆိုင်နေရသော ငွေကြေးအခက်အခဲများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးအတွက် လွတ်လပ်သောကုန်သွယ်ရေးဇုန်များတွင် ပိုမိုကောင်းမွန်သည့် ပြုပြင်ပြောင်းလဲမှု အစီအမံများ ဆောင်ရွက်ခြင်းဖြင့် အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

 

Source:https://news.cgtn.com/news/2023-07-11/China-moves-to-align-with-high-standard-international-trade-rules-1llYHumR5tK/index.html  

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)