USA

အမေရိကန်၏ကုန်သွယ်မှုများဆုံးနိုင်ငံအဖြစ် တရုတ်ကိုအစားထိုးဝင်ရောက်လာသည့် မက္ကဆီကိုနိုင်ငံ

Last Updated:

အမေရိကန်၏ ကုန်သွယ်မှုအများဆုံးနိုင်ငံအဖြစ် တရုတ်ကို အစားထိုးဝင်ရောက်လာသည့် မက္ကဆီကိုနိုင်ငံဟု အမေရိကန်ပြည်ထောင်စု၊ Dallas ပြည်နယ်၏ Federal Reserve Bank အွန်လိုင်းဝက်ဘ်ဆိုက်တွင် “Mexico seeks to solidify rank as top U.S. trade partner, push further past China” ခေါင်းစဉ်ဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၌ ရေးသားဖော်ပြထားပါသည်။

မက္ကဆီကိုနိုင်ငံသည် ၂၀၂၃ ခုနှစ် အစပိုင်း ပထမလေးလတွင် အမေရိကန်ပြည်ထောင်စု၏ အဆင့် ၁ ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၃ ဘီလီယံရှိပါကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၄ ခုနှစ်မှစ၍ ကနေဒါကိုကျော်လွန်ကာ   အမေရိကန်၏အဆင့် ၁ ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံ၏ကုန်စည်များအပေါ် ကုန်သွယ်ခွန်ကောက်ခံလိုက်ခြင်းကြောင့်လည်းကောင်း၊ ကပ်ရောဂါဖြစ်ပွားသည့်အချိန်တွင် ကုန်စည်ထုတ်လုပ်မှုကွင်းဆက်ပြတ်တောက် ခြင်းတို့ကြောင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု ပုံစံပြောင်းလဲခြင်းတို့ကြောင့်လည်းကောင်း တရုတ်နိုင်ငံ၏ ကုန်သွယ်မှုအခြေအနေကို ပြောင်းလဲစေခဲ့ပါကြောင်း၊ ထိုနောက်ပိုင်းမှစ၍ မက္ကဆီကိုနိုင်ငံသည် ၎င်း၏အဓိကကုန်စည်များကို အမေရိကန်သို့ ရွှေ့ပြောင်း သယ်ယူနိုင်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အကျိုးအမြတ်ရလာခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ပထမလေးလပတ်တွင် အမေရိကန်နှင့် မက္ကဆီတို့အကြား ကုန်စည်(manufactured goods) ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၃၄.၂ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး မက္ကဆီကိုနိုင်ငံမှ အမေရိကန်သို့ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၅၇ ဘီလီယံနှင့် မက္ကဆီသို့ အမေရိကန်မှ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၇ ဘီလီယံ ရှိကြောင်း တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ် ပထမလေးလပတ်ကာလတွင် မက္ကဆီကို-အမေရိကန် ကုန်သွယ်မှုပမာဏသည် အမေရိကန်၏ စုစုပေါင်းကုန်သွယ်မှုပမာဏ (စုစုပေါင်း ပို့ကုန် နှင့် သွင်းကုန်ပမာဏ) ၏ ၁၅.၄ ရာခိုင်နှုန်းရှိပြီး ကနေဒါ-အမေရိကန် ကုန်သွယ်မှုပမာဏသည် ၁၅.၂ ရာခိုင်နှုန်းနှင့် တရုတ်-အမေရိကန် ကုန်သွယ်မှု ပမာဏသည် ၁၂.၀ ရာခိုင်နှုန်းစသည်ဖြင့် အသီးသီးရှိခဲ့ကြောင်း တွေ့ရှိရပါသည်။  

မက္ကဆီကိုနိုင်ငံသည် တရုတ်နိုင်ငံတွင် ထုတ်လုပ်နိုင်သည်ကုန်ပစ္စည်းများကို ၎င်းတို့နိုင်ငံတွင် အစားထိုးထုတ်လုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊ မက္ကဆီကိုအနေဖြင့် အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ရန် အထောက်အကူပြုသည့် ထုတ်ကုန်များထုတ်လုပ်ခြင်းအပေါ် ပိုမိုပံ့ပိုးလျက်ရှိပြီး ဤအချက်သည်လည်း မက္ကဆီကိုအနေဖြင့် အမေရိကန်၏ အဆင့် ၁ ကုန်သွယ်မှုနိုင်ငံတစ်နိုင်ငံအဖြစ်ရောက်ရှိစေသည့် အချက်ဖြစ်ပါကြောင်းဖြင့် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

 

 

 

Source: Mexico seeks to solidify rank as top U.S. trade partner, push further past China - Dallasfed.org

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA