USA

အမေရိကန်နှင့် တရုတ်တို့၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအဖုအထုံး

Last Updated:

အမေရိကန်နှင့် တရုတ်တို့၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအဖုအထုံးရှိလာကြောင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ထုတ် World Street Journal တွင် “U.S., China Poised to Drift Farther Apart” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။

သမ္မတဘိုင်ဒင်အစိုးရအနေဖြင့် အမေရိကန်နိုင်ငံရှိတရုတ်ကုမ္ပဏီများအား အမည်မည်းစာရင်း ထည့်သွင်းခြင်းနှင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကိုစစ်ဆေးခြင်းဖြင့် တရုတ်နိုင်ငံရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများအား တရုတ်နိုင်ငံမှထွက်ခွာရန် ဖိအားပေးလမ်းကြောင်းကို ဖော်ဆောင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် သမ္မတအမိန့်တွင် အဆင့်မြင့်နည်းပညာများဖြစ်သည့် Military, Surveillance and Cyber Capabilities စသည်တို့ကို ဦးတည်သော်လည်း အမေရိကန်အနေဖြင့် ၎င်းတို့၏အကြီးဆုံးပြိုင်ဘက်ဖြစ်သည့် တရုတ်နိုင်ငံမှ အမေရိကန်အရင်းအနှီးနှင့် ကျွမ်းကျင်မှုများကို ပြန်လည်စီစဉ်နေရာချသွားရန် ရည်ရွယ်ပါကြောင်း၊ ယင်းအမိန့်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semi-conductor)နှင့် Quantum computing ကဏ္ဍတို့ရှိ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ဉာဏ်ရည်တု (Artificial Intelligence – AI) လုပ်ငန်းများရှိ ရင်းနှီးမြှုပ်နှံမှုများကို ကုမ္ပဏီများအနေဖြင့် အမေရိကန်အစိုးရသို့ အသိပေးရမည်ဖြစ်ပါကြောင်း၊     အမေရိကန်နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရရှိသူများကိုလည်း ယင်းသို့ဆောင်ရွက်ရန် ကန့်သတ်ထားပါကြောင်း၊ ယင်းအမိန့်သည် တရုတ်နည်းပညာကုမ္ပဏီများ ဈေးကွက်ဝင်ရောက်ခွင့်နှင့် အမေရိကန်၏ Venture-capital နှင့် Private-equity firms တို့မှရရှိနေသည့် အကျိုးအမြတ်ကို ငြင်းပယ်လို၍ဖြစ်သည်ဟု အိမ်ဖြူတော်၏ ပြောခွင့်ရအရာရှိက ပြောကြားခဲ့ပါကြောင်း၊ တရုတ်နှင့် အမေရိကန်တို့အကြားတင်းမာမှုများရှိနေစဉ် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး ကျဆင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံသို့ ခရီးသွားလာမှုပိတ်ပင်ခြင်းနှင့် အမေရိကန်ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများကို ဆန့်ကျင်သည့်ဖိအားများကြောင့် သမ္မတအမိန့်သည် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေကြသည့် အမေရိကန်ကုမ္ပဏီများအား တရုတ်နိုင်ငံမှ ထွက်ခွာရန် အချက်ပေးသံဖြစ်ပါကြောင်း၊ ဖက်ရှင်သုတေသနလုပ်ငန်းတစ်ခုဖြစ်သည့် Trivium China မှ Mr. Andrew Polk က အမေရိကန်ကုမ္ပဏီများအနေဖြင့် တရုတ်ဈေးကွက်ကို စိတ်ဝင်စားကြသော်လည်း အများစုက ရင်းနှီးလုပ်ကိုင်ရန် လက်တွန့်နေကြပါကြောင်း၊ တရုတ်ဈေးကွက်ရှိ ကြုံတွေ့နိုင်သည့်အန္တရာယ်အတွက် ပြန်ရနိုင်သည့်အမြတ်အစွန်း (risk-adjusted return)မှာ တစ်ဖြေးဖြေး ပြောင်းလာခဲ့ပြီး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏တရုတ်ဈေးကွက်နှင့်ပတ်သက်သော မဟာဗျူဟာကိုပါ ပြောင်းလဲရန်စဉ်းစားလာခဲ့ကြပါကြောင်း သုံးသပ်ပြောကြားခဲ့ပါသည်။ 

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံသမ္မတအမိန့်သည်  အမေရိကန်နှင့် တရုတ်တို့၏ ထိခိုက်လွယ်သည့်ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိသော်လည်း နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ဆက်လက်ထိန်းထားနိုင်သည်ဟု အမေရိကန်လုံခြုံရေး အကြံပေးများက သုံးသပ်ကြပါကြောင်း၊ တစ်ဖက်တွင်လည်းတရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က တရုတ်-အမေရိကန်ဆက်ဆံရေးမှာ တည်ငြိမ်မှုရှိသည်ဟု သုံးသပ်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြောက်အမေရိကနှင့် ကျွန်းနိုင်ငံများဌာန (The Department of North American and Oceanian Affairs) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Yang Tao ၏ ခရီးစဉ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဆန်ဖရန်စစ္စကို၌ ကျင်းပမည့် အာရှ-ပစိဖိတ်ထိပ်သီးခေါင်းဆောင်များအစည်းအဝေး (Asia – Pacific Leaders Summit) သို့ သမ္မတရှီကျင့်ဖျင်တက်ရောက်ရန်နှင့် သမ္မတဘိုင်ဒင်နှင့် နှစ်နိုင်ငံဆွေးနွေးမှု ပြုလုပ်ရန်ရှိကြောင်း ဆွေးနွေးခဲ့သည်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်များအရ သိရှိရပါကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်းနှင့် ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြပါကြောင်း၊ အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo ၏ တရုတ်နိုင်ငံခရီးစဉ်အတွက် နှစ်ဘက်ဆွေးနွေးဆဲဖြစ်ပါကြောင်း၊ သို့ရာတွင် ကာလရှည်တွင် အမေရိကန်နှင့်တရုတ်တို့အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆက်ဆံရေး အဖုအထစ်ကိုဖြေရှင်းရန် ပိတ်ထားသကဲ့သို့ဖြစ်နေပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ် ချက် အသစ်က နှစ်နိုင်ငံဆက်ဆံရေးကို ပို၍ဝေးကွာအောင် အရှိန်မြှင့်ပေးသကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။

တရုတ်နိုင်ငံတွင် စုပြုံရင်းနှီးမြှုပ်နှံကြသည့် Venture – capital firms များအနေဖြင့်လည်း ယခုအခါ နှစ်နိုင်ငံဆက်ဆံရေးကြောင့် ပြန်လည်ဆုတ်ခွာလျက်ရှိပါကြောင်း၊ တရုတ်ဖွံ့ဖြိုးစ စီးပွားရေးလုပ်ငန်းများရှိ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ၃၀ ရာခိုင်နှုန်း ကျော်ရှိပြီး ယခုနှစ်တွင် လျော့နည်းလာနိုင်ပါကြောင်း၊ ယခုအခြေအနေမှာ ကြာရှည်နိုင်သည့်အလားအလာရှိသဖြင့် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကြိုတင်စဉ်းစားပြင်ဆင်ရန်လိုအပ်ကြောင်း ဒီမိုကရေစီစောင့်ရှောက်ရေးဖောင်ဒေးရှင်း (Foundation for Defense of Democracies) နှင့် Horizon Advisory Firm က Mr. Nate Picarsic က ပြောကြားခဲ့ပါကြောင်း၊ အဆိုပါသမ္မတအမိန့်ထုတ်ပြန်ခြင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချခဲ့ပြီး အမေရိကန်အနေဖြင့် စီးပွားရေးအရ အဆက်အသွယ်မဖြတ်ကြောင်း ထုတ်ပြန်ချက်အပေါ် သမ္မတဘိုင်ဒင်ကိုယ်တိုင်ပြန်ရုပ်သိမ်းပြောဆိုခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားကြောင်းတွေ့ရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA