USA

အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်တွင် တွေ့ရှိသည့် လစ်သီယမ်သတ္တုသိုက်မှာ ကမ္ဘာ့အကြီးဆုံးဖြစ်လာနိုင်

Last Updated:

အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်တွင် တွေ့ရှိသည့် လစ်သီယမ်သတ္တုသိုက် (Lithium Deposit) မှာ ကမ္ဘာ့အကြီးဆုံးသတ္တုသိုက် ဖြစ်လာနိုင်ကြောင်းကို ၁၁-၉-၂၀၂၃ ရက်နေ့၌ The Messenger News အွန်လိုင်း သတင်းတွင် “Lithium Deposit Discovered in Nevada Could Be World’s Largest ” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

လစ်သီယမ်သတ္တုသည် လျှပ်စစ်ကားများတွင်အသုံးပြုသည့်ဘတ္ထရီနှင့် အခြားအစိမ်းရောင် နည်းပညာအတွက် အရေးပါသည့်သတ္တုတစ်ခုဖြစ်ပါကြောင်း၊ အော်ရီဂွန်ပြည်နယ်နှင့် နီဗားဒါး ပြည်နယ် နယ်စပ်ရှိ လွန်ခဲ့သောနှစ်ပေါင်း (၁၆) သန်းခန့်က မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ချိုင့်ဝှမ်းတွင် လစ်သီယံသတ္တုသိုက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့သတ္တုသိုက်များတွင် အကြီးဆုံးဖြစ်နိုင်သည်ဟု ဘူမိဗေဒ ပညာရှင်များက ခန့်မှန်းထားပါကြောင်း၊ အဆိုပါ McDermitt Caldera သတ္တုသိုက်တွင် လစ်သီယမ်သတ္တု ပမာဏ မက်ထရစ်တန် သန်း(၂၀) မှ သန်း(၄၀)အထိ ရှိနိုင်ကြောင်း၊ သတ္တုသိုက်နေရာသည် ကနဦးတွင် မြေအိုးလုပ်သည့်ရွှံ့စေးမျက်နှာပြင်နှင့် တူညီကြောင်း ဘူမိဗေဒပညာရှင် Christopher Henry က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

လစ်သီယမ်သတ္တုသည် ဆေးပညာနှင့် အဆင့်မြင့်နည်းပညာများတွင် အသုံးပြုနိုင်ပြီး အထူးသဖြင့် ဖုန်း၊ ခရီးဆောင်ကွန်ပျူတာနှင့် လျှပ်စစ်မော်တော်ယာဉ်များ၏ ဘတ္ထရီများတွင် အဓိကအသုံးပြုပါကြောင်း၊ နောင်ဆယ်နှစ်ခန့်တွင် လစ်သီယံသတ္တုရှားပါးပြီး ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း၊ နီဗားဒါးပြည်နယ်တွင် တွေ့ရှိသည့် လစ်သီယမ်သတ္တုသိုက်နှင့်ပတ်သက်၍ ခန့်မှန်းချက် မှန်ကန်ပါက ဘိုလီးဗီးယားနိုင်ငံရှိ မက်ထရစ်တန် (၂၃) သန်းရှိသော ကမ္ဘာ့အကြီးဆုံး လစ်သီယံ သတ္တုသိုက်ထက် ပို၍ကြီးမည်ဖြစ်ပါကြောင်း၊ လစ်သီယံသတ္တုသိုက်တွေ့ရှိပြီး အပြည့်အဝထုတ်လုပ် နိုင်ရန် (၁၀) နှစ်ခန့်ကြာမြင့်နိုင်ပါကြောင်း၊ လစ်သီယံသတ္တုသိုက်ကိုကြီးကြပ်နေသည့် ကုမ္ပဏီက ၂၀၂၆ ခုနှစ်တွင် သတ္တုတူးဖော်မှု စတင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများနှင့် ယင်းဒေသရှိ မူရင်းဌာနေ အမေရိကန်တိုင်းရင်းသားများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ရည်ရွယ်၍ သတ္တုတူးဖော်မှု ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြသဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဖက်ဒရယ်တရားရုံးမှ သတ္တုတွင်းကို ပိတ်ရန်ဆုံးဖြတ်ခဲ့ပြီးနောက် စက်တင်ဘာလပထမပတ်တွင် ထပ်မံစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံမှထွက်ရှိသည့် လစ်သီယမ်ရှိသည့်အတွက် စက်မှုလုပ်ငန်းများအနေဖြင့် လစ်သီယံသတ္တု ပြတ်တောက်မှုကို စိုးရိမ်ရန်မလိုတော့ကြောင်း ဖြင့်ဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA