USA

ကုန်သွယ်မှုနှင့် ငွေကြေးဖောင်းပွမှုအန္တရာယ်များရှိနေသော်လည်း အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Asia – Pacific Economic Cooperation – APEC) တိုးလာ

Last Updated:

ကုန်သွယ်မှုနှင့် ငွေကြေးဖောင်းပွမှု အန္တရာယ်များရှိနေသော်လည်း အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Asia – Pacific Economic Cooperation – APEC) တိုးလာကြောင်း APEC ဝက်ဘ်ဆိုက်၌  “APEC Growth Improves Despite Declining Trade and Inflation Risks” ခေါင်းစဉ်ဖြင့် ၁၂-၁၁-၂၀၂၃ ရက်နေ့တွင် ဖော်ပြထားပါသည်။

အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC)ဒေသ၏ စီးပွားရေးတိုးနှုန်းသည် ၂၀၂၂ ခုနှစ်တွင် (၂.၆) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် (၃.၃) ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်ဟု APEC စီးပွားရေး အလားအလာလေ့လာဆန်းစစ်မှု အစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊ အဆိုပါ အစီရင်ခံစာအရ ပြည်တွင်းစားသုံးမှုနှင့် ခရီးသွားလုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများ တိုးတက်အောင် မောင်းနှင်ပေးခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု၊ ငွေကြေးဖောင်းပွမှု၊ ကြွေးမြီမြင့်မားမှု၊ ရာသီဥတုပြောင်းလဲမှု၊ ကုန်သွယ်ရေးတွင် ပြည်တွင်းလုပ်ငန်းများကိုသာ ကာကွယ်ရန် အလေးပေးလာမှု၊ ပထဝီနိုင်ငံရေးအရ တင်းမာမှုတို့သည် စီးပွားရေးတိုးတက်မှု အလားအလာအပေါ် လွှမ်းမိုးမှုရှိနေကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် (၃.၄) ရာခိုင်နှုန်းရှိပြီး ကာလတူတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် (၆.၆) ရာခိုင်နှုန်းရှိခဲ့သဖြင့် တစ်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း၊ ဒေသတွင်းနိုင်ငံများရှိ ပို့ကုန်ကန့်သတ်ချက်များ၊ ဓာတ်မြေဩဇာ ဖြန့်ဖြူးမှုကွင်းဆက်ပြဿနာများနှင့် ရာသီဥတု အခြေအနေများမှာ လယ်ယာထွက်ကုန်ပစ္စည်များအပေါ် ထိခိုက်မှုရှိပြီး ငွေကြေးဖောင်းပွမှုသည် အဆိုပါအခြေအနေများကို ပို၍ဆိုးလာနိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကိုလျှော့ချရန် APEC နိုင်ငံများအနေဖြင့် အတိုးနှုန်းတိုးမြှင့်ခဲ့ကြကြောင်း၊ အစိုးရများအနေဖြင့် ထိခိုက်နိုင်သည့် ပြည်သူများကို ကာကွယ်ပေးရန် အသုံးစရိတ်များကို သတ်မှတ်ကာ ဘဏ္ဍာရေးသုံးစွဲမှုကို ထိန်းထားရန်နှင့် Fiscal Buffers များ တည်ဆောက်ထားရန် လိုအပ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဒေသတွင်းကုန်သွယ်မှု ကျုံ့သွားခဲ့ပြီး ကုန်သွယ်မှုပမာဏသည် (၃.၅) ရာခိုင်နှုန်းနှင့် ကုန်သွယ်မှုတန်ဖိုးသည် (၇.၁) ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။ APEC ၏ အစီရင်ခံစာတွင် ကုန်စည်ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် (၀.၁) ရာခိုင်နှုန်းနှင့် (၀.၃) ရာခိုင်နှုန်းခန့်သာ တိုးတက်နိုင်သည်ဟု ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ်တွင် (၄.၃) ရာခိုင်နှုန်းမှ (၄.၄) ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း ဖော်ပြထားပါသည်။

APEC ဒေသ၏ စီးပွားရေးသည် ပထဝီစီးပွားရေး၊ ကုန်သွယ်မှုကန့်သတ်ချက် အစီအမံများနှင့် ကုန်သွယ်မှုကုစားရေးအစီအမံများ စသည်တို့အပေါ်များစွာ မှီခိုနေကြောင်း၊ ဒေသတွင်းရှိ လူဦးရေ ဖွဲ့စည်းမှုပုံစံမှာ အသက်ကြီးသူများပြားလာပြီး မွေးဖွားမှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် အလုပ်သမားများသည် အသက် အရွယ်ကြီးမားသည့် လူအုပ်စု၏ ဝန်ထုပ်ဝန်ပိုးကို ခံရနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။

အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် ၈-၁၁-၂၀၂၃ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး ထိပ်သီးအစည်းအဝေးကို ၁၆-၁၁-၂၀၂၃ ရက်နေ့နှင့် ၁၇-၁၁-၂၀၂၃ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် တရုတ်သမ္မတလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

 

 

Source: https://apec.sitefinity.cloud/press/news-releases/2023/apec-growth-improves-despite-declining-trade-and-inflation-risks

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA