China (HongKong)

ဟောင်ကောင်ဒေသ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ပြင်ပကုန်စည်ကုန်သွယ်မှု စာရင်းဇယား ထုတ်ပြန်

Last Updated:

သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် ဟောင်ကောင်ဒေသ၏ ၂၀၂၃ ခုနှစ်၊ စက်တင် ဘာလအတွက်  ပြင်ပကုန်စည် ကုန်သွယ်မှုစာရင်းဇယားအရ စက်တင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်/သွင်းကုန်ပမာဏ စုစုပေါင်းသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက  ၉.၂ ရာခိုင်နှုန်းနှင့် ၄.၀ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာအထိ စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ပထမ (၉) လ အတွင်း စုစုပေါင်း ပို့ကုန်/သွင်းကုန်ပမာဏ ၁၅.၆ ရာခိုင်နှုန်းနှင့် ၁၂.၉ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါသည်။

ပြီးခဲ့သည့် သုံးလပတ်ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၊ တတိယ သုံးလပတ်ကာလအတွင်း  စုစုပေါင်း ပို့ကုန်/သွင်းကုန် ပမာဏ ၁.၆ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါသည်။ ဈေးနှုန်းလျှော့ချမှုကြောင့် ပြောင်းလဲသွားသည့် ဈေးနှုန်းများကြောင့် ဟောင်ကောင်ဒေသ ပြင်ပ ကုန်သွယ်မှုတန်ဖိုး ကျဆင်းခြင်းနှင့်အတူ ထိုကဲ့သို့ ပြင်ပကုန်သွယ်မှုပမာဏ ကျဆင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပို့ကုန်/ သွင်းကုန် ဈေးနှုန်းများမှာ ၄.၃ ရာခိုင်နှုန်းနှင့် ၃.၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်သွားပါသည်။ အဆိုပါကာလအတွင်း တရုတ်ပြည်မ (-၁၄. ၁%) နှင့် အိန္ဒိယ (-၆.၁%) တို့သို့ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ပြီး၊ အမေရိကန် (၂.၀%)၊ ဗီယက်နမ် (၂.၃%) နှင့် ထိုင်ဝမ် (၁၂.၀%) သို့ ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့ပါသည်။

ထို့ပြင် အဓိက သွင်းကုန်တင်သွင်းသည့် နိုင်ငံများဖြစ်သည့် ကိုရီးယား (-၂၉.၇ %)၊ စင်ကာပူ (-၆.၈%)၊ ဂျပန် (-၅.၀%)၊ တရုတ်ပြည်မ (-၃.၀%) နှင့် ထိုင်ဝမ် (-၀.၁%) တို့မှ သွင်းကုန်တင်သွင်းမှု အသီးသီး ကျဆင်းခဲ့ပြီး၊ သွင်းကုန်ဈေးနှုန်းအနေဖြင့် ထိုင်းဝမ် (၅.၇ %)၊ စင်ကာပူ (၅.၁%)၊ တရုတ်ပြည်မ (၄.၃%)၊ ဂျပန် (၃.၁%) နှင့် ကိုရီးယား (၁.၁%) အသီးသီး မြင့်တက်ခဲ့ပါသည်။

ဟောင်ကောင်ဒေသသည် ကုန်စည်ကုန်သွယ်မှု ကျဆင်းနေချိန်တွင် ဝန်ဆောင်မှု ကုန်သွယ်မှုပိုင်းတွင် ချဲ့ထွင်နိုင်ရေးအတွက် အသားပေးလုပ်ဆောင်လျက်ရှိပါသည်။ အရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များ သွားရောက်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 

 

(စီပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)