China (HongKong)

၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်တွင် ဟောင်ကောင်ဒေသ စီးပွားရေးတိုးတက်မှုနှုန်း ၄.၁ ရာခိုင်နှုန်းရှိ

Last Updated:

၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်တွင် ဟောင်ကောင်ဒေသ၏ အမှန်တကယ် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၄.၁ ရာခိုင်နှုန်းမြင့်တက်ခြင်းနှင့်အတူ ဒေသ၏စီးပွားရေး ဆက်လက်ဦးမော့လျက်ရှိကြောင်း ဟောင်ကောင်ဒေသအစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

ဟောင်ကောင်ဒေသသို့ ခရီးသွားလာရောက်မှုနှင့် တစ်ဦးချင်း သုံးစွဲမှုသည် ယခုသုံးလပတ် စီးပွားရေးတိုးတက်မှုအတွက် အဓိကတွန်းအားဖြစ်ကြောင်းနှင့် ယခုနှစ်ကျန်ရှိသည့် ကာလအတွက်လည်း ဆက်လက်အထောက်အပံ့ဖြစ်သွားမည်ဟု ဒေသအစိုးရမှခန့်မှန်းထားကြောင်း သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သုံးလပတ်အလိုက် နှိုင်းယှဉ်ပါက လက်ရှိသုံးလပတ်အတွင် ဟောင်ကောင်ဒေသ၏ စီးပွားရေး ၀.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် တတိယသုံးလပတ်အတွင် တဦးချင်းသုံးစွဲမှု ၆.၃ သုံးရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း အစိုးရအသုံးစရိတ် ၄.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ယခုသုံးလပတ်အတွင်း ဟောင်ကောင်ဒေသ၏ ဝန်ဆောင်မှုကဏ္ဍ ပို့ကုန်/သွင်းကုန် သိသိသာသာမြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၂၃.၉ ရာခိုင် နှုန်းနှင့် ၂၈.၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သို့သော် ကုန်သွယ်မှုပိုင်းတွင် စုစုပေါင်း ပို့ကုန်/သွင်းကုန် သည် ယခင်နှစ်ကထက် ၈.၆ ရာခိုင်နှုန်းနှင့် ၅.၉ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါသည်။

မိသားစုဝင်ငွေ မြင့်တက်နေမှုနှင့် Nigh Vibes Hong Kong ကဲ့သို့သော အစိုးရ၏ ထောက်ပံ့ရေး ဆောင်ရွက်ချက်များကြောင့် တဦးချင်းသုံးစွဲမှု မြင့်တက်လာသော်လည်း ဟောင်ကောင်ဒေသ ပြင်ပစီးပွားရေး အခြေအနေများကြောင့် ကုန်စည်တင်ပို့မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် သုံးစွဲမှုအခြေအနေတို့အပေါ်တွင် သက်ရောက်မှု ဆက်လက်ရှိနေမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရ စီးပွားရေးပညာရှင်ဖြစ်သူ Adolph Leung က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် ဒေသပြင်ပတွင် ဖြစ်ပေါ်နေသည့် အခြေအနေအပေါ်မူတည်၍ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွက် စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ၄-၅ ရာခိုင်နှုန်းရှိမည်ဟု ဩဂုတ်လအတွင်း၌ ခန့်မှန်းထားခဲ့ရာမှ ၃.၂ ရာခိုင်နှုန်းသို့ ပြောင်းလဲခန့်မှန်းခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)