Thailand

ထိုင်းနိုင်ငံ မော်တော်ကားစက်မှုနယ်ပယ်အတွက် အခွန်ခံစားခွင့်များအပေါ် ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (Board of Investment-BoI) က ထောက်ခံခဲ့

Last Updated:

ထိုင်းနိုင်ငံအတွင်းရှိ အတွင်းပိုင်းလောင်ကျွမ်းသည့်အင်ဂျင်၊ နှစ်မျိုးသုံး (hybrid) နှင့် ပလပ်ထိုး ၂ မျိုးသုံး လျှပ်စစ်မော်တော်ကားများ ထုတ်လုပ်လျက်ရှိသည့် မော်တော်ယာဉ် စက်မှုလုပ်ငန်းများတွင် အလိုအလျောက်နှင့် စက်ရုပ်ပုံစံစနစ်များကို လက်ခံအသုံးပြုခြင်းဖြင့် ထုတ်လုပ်မှု တိုးတက်စေရေးအတွက် ယင်းနယ်ပယ်ရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ၃ နှစ်ကြာပေးအပ်မည့် အခွန်ခံစားခွင့်အပေါ် ဒုတိယဝန်ကြီးချုပ် Mr. Parnpree Bahiddha-Nukara ဦးဆောင်သည့် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း ဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

ယင်းမက်လုံးများသည် ရှိပြီးသော ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များတွင်လည်း အကျုံးဝင်ပါကြောင်း၊ နည်းပညာမြှင့်တင်ခြင်းဖြင့် ခေတ်သစ်မော်တော်ယာဉ်စက်မှုသို့ ဦးတည်နေသည့် ဦးတည်ချက်ကိုလည်း မြှင့်တင်ပေးရာရောက်ပါကြောင်း၊ အလိုအလျောက်နှင့် စက်ရုပ်ပုံစံစနစ်များသို့ ရင်းနှီးမြှုပ်နှံလာသည့် အရည်အသွေးမီ ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှု မတည်ငွေအပေါ် ကော်ပိုရိတ် ဝင်ငွေခွန် (Corporate Income Tax) ၅၀ ရာခိုင်နှုန်းကို ၃ နှစ်ကြာ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို အလိုအလျောက် စက်ပစ္စည်းများအား အသုံးပြုသည့် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှု မတည်ငွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ မက်လုံးပေးအစီအစဉ်များကို ၂၀၂၄ ခုနှစ်မှစ၍ လျှောက်ထားနိုင်ကြောင်း  သိရှိရပါသည်။

မော်တော်ယာဉ်ကဏ္ဍသည် နိုင်ငံ၏ ပို့ကုန်၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်တစ်လျှောက် လုပ်ငန်းပေါင်း ၂,၃၀၀ ကျော်ဖြင့် ထုတ်လုပ်သူ အရေအတွက်များစွာရှိပြီး အရေးပါသောကဏ္ဍဖြစ်ပါကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် နည်းပညာသစ်များအတိုင်း ချိန်ညှိ၍ ပြုပြင်ပြောင်းလဲမှုများတွင် ယင်းကဏ္ဍသည် အရေးပါပါကြောင်း၊ မက်လုံးသစ်များကြောင့် လုပ်ငန်းရှင်များ၏ ပြိုင်ဆိုင်မှုနှင့် နည်းပညာပြောင်းလဲမှုတွင် အင်အားကောင်းလာနိုင်ကြောင်း Mr. Narit က သုံးသပ်ထားပါသည်။

စီးပွားရေးကို အထောက်အကူပြုပြီး ပို့ကုန်နံပါတ် ၁ ဖြစ်သော မော်တော်ယာဉ်များနှင့် အစိတ်အပိုင်းများသည် ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း ပို့ကုန်တန်ဖိုး ဘတ် ၁.၀၂ ထရီလီယံ ရှိခဲ့ပါကြောင်း၊ အဆိုပါကဏ္ဍသည် ပို့ကုန် ၁၄ ရာခိုင်နှုန်းနှင့် အလုပ်အကိုင် ၈၀၀,၀၀၀ မှ ၉၀၀,၀၀၀ ဖန်တီးပေးနိုင်ကြောင်း၊ ပထမ ၉ လအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၅၁၇ ဘီလီယံရှိသော စီမံကိန်း ၁,၅၅၅ ခု လျှောက်ထားလာပါကြောင်း၊ လျှပ်စစ်ပစ္စည်းဆိုင်ရာအတွက် စက်ရုံ ၃ ခု အတွက် ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၂၀၈ ဘီဘီယံဖြင့် အမြင့်ဆုံးဖြစ်ပြီး စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်လုပ်ခြင်းအတွက် ဘတ် ၅၅.၈ ဘီလီယံနှင့် မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများအတွက် ဘတ် ၄၂.၂ ဘီလီယံဖြင့် အသီးသီးဖြစ်ကြောင်း ဘုတ်အဖွဲ့က ထုတ်ပြန်ထားပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် စီမံကိန်း ၉၁၀ ခုရှိပြီး ဘတ် ၃၉၉ ဘီလီယံဖြစ်ပါကြောင်း၊ တရုတ်စီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၉၇.၅ ဘီလီယံဖြင့် အများဆုံးဖြစ်ပြီး စင်ကာပူမှ ဘတ် ၈၀.၃ ဘီလီယံနှင့် ဂျပန်မှ ဘတ် ၄၃.၂ ဘီလီယံဖြစ်ကြောင်း၊ Eastern Economic Corridor (EEC) တွင် လျှပ်စစ်ပစ္စည်းများ၊ ရေနံဓာတုနှင့် ဓာတုပစ္စည်းများ၊ မော်တော်ယာဉ်နှင့် အစိတ်အပိုင်း စီမံကိန်းများသည် အများဆုံးဖြစ်ပါကြောင်း သိရှိရပါသည်။      

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand