China (Kunming)

၂၀၂၃ ခုနှစ် တတိယသုံးလပတ်အထိ တရုတ်-လာအို မီးရထားလမ်း၏ ကုန်သွယ်မှု တန်ဖိုးမှာ ယွမ်ငွေ ၁၉ ဘီလီယံကျော်အထိ ရှိလာ

Last Updated:

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှု အကြိမ်ရေစုစုပေါင်း ၆,၈၀၀ ကြိမ်ခန့် လည်ပတ်နိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏမှာ တန်ချိန် ၅ ဒသမ ၅၅ သန်းကျော်အထိ ရှိလာခဲ့ပါသည်။ ယူနန်ပြည်နယ်ရှိ နိုင်ငံတကာကုန်စည် ပို့ဆောင်ရေး ရထားပြေးဆွဲခဲ့မှု အကြိမ်ရေနှင့် ကုန်စည်ပို့ဆောင်မှု ပမာဏမှာ တစ်နိုင်ငံလုံးစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းကျော် အသီးသီးရှိသည်။ အထူးသဖြင့် ယူနန်ပြည်နယ်သည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထား ၂,၇၃၀ ကြိမ် ပြေးဆွဲနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆၀ ဒသမ ၁၀ ရာခိုင်နှုန်း တိုးမြှင့်လာကာ ကုန်စည်ပို့ဆောင်နိုင်မှု ပမာဏသည်လည်း တန်ချိန် ၃ ဒသမ ၀၄၆ သန်းရှိသဖြင့် တစ်နှစ်ထက်တစ်နှစ် ၁၄၇ ဒသမ ၄၁ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့သည်။

ဓါတ်မြေဩဇာနှင့် အထွေထွေကုန်စည်များမှ အမျိုးအစား ၁၀၀ ကျော်နှင့် အီလက်ထရောနစ်ပစ္စည်းများ၊ ဓါတ်ရောင်ခြည်သုံးပစ္စည်းများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်စသည့် အဓိကကုန်စည် ၃၅ မျိုးမှ အမျိုးအစားပေါင်း ၁,၇၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေ ယွမ် ၁၉ ဘီလီယံကျော်ရှိပါသည်။ တရုတ်-လာအို မီးရထားလမ်း ဖွင့်လှစ်နိုင်ခြင်းသည် ဒေသတွင်းချိတ်ဆက်မှု လမ်းကြောင်းတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးတို့အတွက် အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ခဲ့သည်။ တရုတ်-လာအို မီးရထားလမ်းသည် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ချိတ်ဆက်မှုတစ်ခု ဖြစ်လာပါသည်။

ဒေသတွင်း ချိတ်ဆက်မှုအတွက် လမ်းကြောင်းသစ်တစ်ခု ဖော်ဆောင်ခြင်း

တရုတ်-လာအို မီးရထားလမ်းသည် သာမန်ကုန်းလမ်း ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ပိုမိုအဆင်ပြေထိရောက်မှုရှိသည်ကို တွေ့ရှိရသည်။ ကူမင်းမြို့မှ ထွက်ခွာမည့် “Lancang-Mekong Express” ကုန်စည်ရထားသည် ခရီးစဉ်တစ်ခုလုံးအတွက် ၂၆ နာရီသာကြာမြင့်ပြီး ကူမင်းမြို့မှ ဗီယင်ကျန်းမြို့အထိ သယ်ယူပို့ဆောင်ချိန် ၂ ရက်မှ ၃ ရက်ခန့် သက်သာမည်ဖြစ်သည်။ ကုန်ကျစရိတ်မှာလည်း ၂၀ ရာခိုင်နှုန်း လျော့နည်းသွားမည်ဖြစ်သည်။ အထူးသဖြင့် မကြာသေးမီကာလအတွင်းဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာရထားလမ်းများဖြစ်သည့် “ရှန်ဟိုင်း- ယူနန်-လျန်ချန်း-မဲခေါင်လမ်း” နှင့် တရုတ်-လာအို အအေးခန်းကုန်တွဲ အထူးရထားလမ်းတို့သည် ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ကုန်းလမ်းမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိက လမ်းကြောင်းများအဖြစ် အရေးပါလာခဲ့ပါသည်။

ပြည်တွင်း ပြည်ပ လည်ပတ်မှု ချောမွေ့စေရန်အတွက် လမ်းကြောင်းသစ်တစ်ခု ဖန်တီးခြင်း

ယအခုအချိန်တွင် တရုတ်နိုင်ငံတစ်ဝှမ်းရှိ ခရိုင်နှင့်မြို့ကြီးများ အပါအဝင် ပြည်နယ် (၂၅) ခု သည် တရုတ်-လာအို ရထားလမ်းကို မှီခိုအားထားလျက် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ကုန်သွယ်မှု ကွန်ယက်သည် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့အပါအဝင် ဒေသတွင်းနိုင်ငံ (၁၀) နိုင်ငံကျော်သို့ ချိတ်ဆက်ထားသည်။ တရုတ်-လာအို မီးရထားလမ်းသည် အာဆီယံနိုင်ငံများသို့ အရည် အသွေးမြှင့် “Made in China” ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် ပို့ဆောင်နေသကဲ့သို့ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတိုမှ အပူပိုင်းသစ်သီးများဖြစ်သည့် ဒူးရင်းသီးနှင့် သရက်သီးတို့ကို တရုတ်ဈေးကွက်သို့ ပိုမိုလွယ်ကူစွာ တင်သွင်းနိုင်ခဲ့သည်။

မိုဟန် မီးရထားကုန်သွယ်မှုဂိတ်ကို တင်သွင်းလာသည့် သစ်သီးများစစ်ဆေးသည့်နေရာအဖြစ် ယခင်နှစ် ဒီဇင်ဘာလမှစတင်အသုံးပြုနိုင်ခဲ့သည်။ တရုတ်-လာအို-ထိုင်း ပြည်ပြည်ဆိုင်ရာ အအေးခန်း သစ်သီးတွဲရထားများကို တစ်နေ့လျှင် ပျမ်းမျှ ၁ စီးမှ ၂ စီး စသည်ဖြင့် စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပါသည်။ သစ်သီးတင်သွင်းမှု ပမာဏမှာ တန်ချိန် ၇၂,၈၀၀ တန်သို့ ရောက်ရှိလာပြီး စုစုပေါင်း တန်ဖိုး ယွမ်း ၁ ဒသမ ၈ ဘီလီယံ ကျော်လွန်လာခဲ့ပြီဖြစ်သည်။

ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုဖော်ဆောင်နိုင်ခြင်း

တရုတ်-လာအို မီးရထားလမ်းသည် နယ်စပ်ဖြတ်ကျော် ကုန်စည်များအတွက် ထိရောက်၍ အဆင်ပြေသည့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတစ်ခုအဖြစ် ပံ့ပိုးပေးလျက်ရှိသည်။ အဆိုပါ လမ်းကြောင်းတစ်လျှောက် ကုန်သွယ်ရေးနှင့် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ထိရောက်စွာ မြှင့်တင်ပေးသည်။ ယူနန်ပြည်နယ်သည် နိုင်ငံခြားကုန်သွယ်မှုတွင် အလုံးစုံကျဆင်းနေသော်လည်း လာအိုနိုင်ငံနှင့် ယူနန်ပြည်နယ်၏ ကုန်သွယ်မှုပမာဏမှာ ဇန်နဝါရီလမှ စက်တင်ဘာလအထိ စုစုပေါင်း တန်ဖိုး ယွမ် ၉ ဒသမ ၃၄ ဘီလီယံအထိ တိုးမြှင့်လာပြီး တစ်နှစ်ထက်တစ်နှစ် ၁၄ ဒသမ ၇ ရာခိုင်နှုန်းအထိ မြှင့်တက်လာခဲ့သည်။ စက်တင်ဘာလကုန်တွင် ယူနန်ပြည်နယ်မှ ကုမ္ပဏီပေါင်း (၁၃၁) ခုသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ Saysettha Development Zone သို့ ရင်းနှီးမြှုပ်နှံရန်အတွက် စာချုပ်များချုပ်ဆိုနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃ ဘီလီယံနှင့် ပြည်တွင်း ပို့ကုန်တန်ဖိုး အ‌မေရိကန်ဒေါ်လာ ၄၇၉ သန်း တင်ပို့ဆောင်ရွက်နိုင်ခဲ့ပါသည်။

လူမှု့ဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အပံ့အသစ်များ ပံ့ပိုးပေးခြင်း

တရုတ်-လာအို မီးရထားလမ်း ဖွင့်လှစ်လိုက်ခြင်းကြောင့် ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီသွားလုပ်ငန်းစသည့် နယ်ပယ်အသီးသီး၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့သည်။ အဆိုပါ ရထားလမ်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ၌ လာအိုဝန်ထမ်းများ စုစုပေါင်း ၃,၅၀၀ ကျော်ကို အလုပ်နေရာခန့်ထား ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် ကူမင်း-ဗီယင်ကျန်း အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထားကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် တရားဝင်စတင်ပြေးဆွဲခဲ့ပြီး ရထားစီးခြင်းဖြင့် ခရီးသည်များ၏ ထူးခြားဆန်းပြားသည့်ခံစားမှုများကို ပေးစွမ်းနိုင်သကဲ့သို့ လမ်းကြောင်းတစ်လျှောက် ခရီးသွား စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ထိ တရုတ်-လာအို ရထားလမ်းမှ ဖြတ်ကျော်ပြေးဆွဲနိုင်ခဲ့သည် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား အခေါက်ရေ (၃၉၂) ခေါက် ပြေးဆွဲနိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသည်ဦးရေ ၇၆,၀၀၀ ခန့်  ပို့ဆောင်ပေးနိုင်ခဲ့သည်။ လာအိုနိုင်ငံရှိ တောင်တန်းဒေသများမှ လူငယ်အများသည် မီးရထားလမ်းမှတစ်ဆင့် ကမ္ဘာပတ်ဝန်းကျင်သို့ ထွက်ခွာလာနိုင်ပြီး ပိုမိုကျယ်ပြန့်သော နယ်စပ်ဖြတ်ကျော် အခွင့်အလမ်းများကို ရရှိလာနိုင်ကြတော့မည် ဖြစ်သည်။

တစ်နည်းအားဖြင့် တရုတ်-လာအို မီးရထားလမ်း စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ကဏ္ဍနှစ်ခုစလုံး၌ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည့်အပြင် ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်လာနိုင်ခဲ့သဖြင့် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ “ရွှေလမ်းကြောင်း” စင်္ကြံ (“Golden Rout” corridor) ၏ အကျိုးသက်ရောက်မှုများကို အပြည့်အဝဖော်ဆောင်လာနိုင်ခဲ့သည်။

ဆက်လက်၍ ယူနန်ပြည်နယ်၊ စီးပွားရေးဌာနအနေဖြင့် ယူနန်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ခိုင်မာလာစေရန် တရုတ်-လာအို ရထားလမ်းကို မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်သွားဖြစ်ကြောင်း၊ တရုတ်-ဗီယက်နမ်နှင့် တရုတ်-မြန်မာ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးစင်္ကြံများ တည်ထောင်ရေးကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အလားတူ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများဆီသို့ ချိတ်ဆက်နိုင်သည့် အချက်အချာကျသော နေရာတစ်ခုအဖြစ် ယူနန်ပြည်နယ်ကို တည်ထောင်းသွားပြီး Belt and Road Initiative ၏ အရည်သွေးမြှင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အထောက်အကူဖြစ်စေရန်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

 

 

အရင်းမြစ်။ https://www.kunming.cn/en/c/2023-11-02/13775194.shtml

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့)

Category: China (Kunming)