Thailand

ထိုင်းနိုင်ငံတွင် လုပ်သားလိုအပ်ချက် ၁၁ ရာခိုင်နှုန်းနီးပါး မြင့်တက်လာ

Last Updated:

ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကဏ္ဍများ ပြန်လည်ကောင်းမွန်လာသဖြင့် ယခုနှစ် ပထမ ၉ လအတွင်း လုပ်သားလိုအပ်ချက် ၁၀.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ခရီးသွားကဏ္ဍတွင် အလုပ်အကိုင်ခေါ်ယူမှုအမြင့်ဆုံးဖြစ်ကြောင်း၊ အလုပ်ရှင်များခေါ်ယူလိုသည့် အရည်အချင်းများမှာ သတင်းအချက်အလက်နည်းပညာ (Information Technology-IT)၊ ဘာသာစကားနှင့် Software ကျွမ်းကျင်မှုများဖြစ်ကြောင်း၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အလုပ်နေရာ ၁.၇၄ သန်းထိကို ကုမ္ပဏီက ကြေညာခေါ်ယူခဲ့ကြောင်း ထိုင်းနိုင်ငံ JobThai အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးမှ Sangduan Tang-thamsatid က ပြောကြားခဲ့ပါသည်။

အလုပ်အကိုင်အများဆုံးမှာ ခရီးသွားလုပ်ငန်း ၇၆ ရာခိုင်နှုန်း၊ ဟိုတယ်လုပ်ငန်း ၃၉ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍ ၃၉ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး ခေါ်ယူခဲ့ကြကြောင်း၊ ဝန်ထမ်းခေါ်ယူသည့် ထိပ်တန်းကဏ္ဍ ၅ ခုမှာ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းများမှ ၁၆၇,၂၆၁ နေရာ၊ လက်လီ လုပ်ငန်းများမှ ၁၃၇,၄၂၁ နေရာ၊ မော်တော်ယာဉ်လုပ်ငန်းမှ ၁၁၉,၆၀၉ နေရာ၊ ဆောက်လုပ်ရေးနှင့် ဆောက်လုပ်‌ရေးပစ္စည်းများလုပ်ငန်းမှ ၁၀၈,၄၉၁ နေရာနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ ၁၀၆,၁၄၃ နေရာတို့ဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ထမ်းခေါ်ယူလိုသည့် ထိပ်တန်းနေရာ ၅ ခုမှာ အရောင်းရာထူးအတွက် ၂၁.၄ ရာခိုင်နှုန်း၊ နည်းပညာရှင်ရာထူး ၉.၃၇ ရာခိုင်နှုန်း၊ ထုတ်လုပ်မှု/ အရည်အသွေးစစ်ရာထူးအတွက် ၇.၀၉ ရာခိုင်နှုန်း၊ အုပ်ချုပ်ရေး/ ပစ္စည်းဝယ်ယူရေးအတွက် ၆.၂၆ ရာခိုင်နှုန်း၊ အင်ဂျင်နီယာရာထူးအတွက် ၅.၈၇ ရာခိုင်နှုန်း စသည်တို့ဖြစ်ကြောင်း၊ ရာထူး ၁ နေရာအတွက် လျှောက်ထားသူ ၄ ဦးမှ ၆ ဦးကြားဖြစ်ကြောင်း၊ ဘာသာစကားအနေဖြင့် ထိပ်တန်းလိုအပ်ချက်များမှာ မန်ဒရင်း၊ အင်္ဂလိပ်နှင့် ဂျပန် အသီးသီးဖြစ်ကြောင်း၊ ကွန်ပျူတာဘာသာရပ်ကျွမ်းကျင်မှုနှင့် နောက်ဆုံးပေါ် ပရိုဂရမ်ဆိုင်ရာများ တတ်ကျွမ်းမှုတို့လည်း လိုအပ်ကြောင်း စစ်တမ်းအရ သိရှိရပါသည်။

JobThai သို့ အလုပ်လျှောက်လွှာ တင်သွင်းသူများတွင် အသက်အရွယ်အပိုင်းအခြား အမျိုးမျိုးရှိပြီး သာမန်ဘွဲ့ရ ၇၀ ရာခိုင်နှုန်း၊ သက်မွေးပညာသင်တန်းတတ်မြောက်ထားသူ ၁၄ ရာခိုင်နှုန်းနှင့် မဟာဘွဲ့ရရှိထားသူ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand