Thailand

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလများတွင် ကမ္ဘာ့ဆီဈေးနှုန်း ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ Star Petroleum Refining Plc က သုံးသပ်

Last Updated:

ကမ္ဘာ့စွမ်းအင်လိုလားချက် မြင့်တက်နေသော်လည်း နယ်မြေဆိုင်ရာ ပဋိပက္ခများနှင့် စီးပွားကြီးနိုင်ငံများတွင် စီးပွားရေးအရ ချိန်ညှိမှုများကြောင့် အတက်အကျများဖြစ်ပေါ်နေပြီး ယခုနှစ် ကျန်လများအတွင်း ကမ္ဘာ့ဆီဈေးနှုန်း ကျဆင်းနိုင်ဖွယ်ရှိကြောင်း၊ ဈေးနှုန်းကျဆင်းခြင်းကြောင့် အဓိက ဆီထောက်ပံ့ပေးနေသူများတွင် ပိုလျှံမှုဖြစ်ပေါ်နိုင်ကြောင်း ထိုင်းနိုင်ငံ Star Petroleum Refining Plc ၏ မန်နေဂျာ Mr. Sakchai Thamsuruk က သုံးသပ်ထားပါသည်။

ဆော်ဒီအာရေဗျနှင့် ရုရှားတို့က နေ့စဉ်ရေနံစိမ်း ထောက်ပံ့မှုကို စည် ၁.၃ သန်း ဖြတ်တောက်လိုက်ခြင်းရှိမရှိ စောင့်ကြည့်နေပါကြောင်း၊ ၎င်းတို့က မဖြတ်တောက်ပါက ကမ္ဘာ့ဈေးကွက်တွင် ဆီပိုလျှံမှုဖြစ်ပေါ်လာနိုင်ကြောင်း၊ ဆောင်းရာသီတွင် လူအများစု၏ စွမ်းအင်လိုလားချက် မြင့်တက်လာနိုင်သော်လည်း ယခင်နှစ်လိုလားချက်အတိုင်း ဖြစ်နေသောကြောင့် ဝယ်လိုအားသည် ရောင်းလိုအားကို မကျော်နိုင်ကြောင်း၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခသည် ဆီထွက်ရှိရာ ရင်းမြစ်များနှင့် မနီးကပ်သော်လည်း သယ်ယူပို့ဆောင်ရေးတွင် ထိခိုက်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားပါသည်။

အမေရိကန်နှင့်တရုတ်စီးပွားရေးများအရ ဆီဝယ်လိုအားအပေါ်သက်ရောက်လာနိုင်သဖြင့် ဆီဈေးနှုန်းအတက်အကျများဖြစ်နိုင်ကြောင်း၊ သန့်စင်ပြီးဆီ၏ ကမ္ဘာ့ဈေးကွက်ကို လေ့လာကြည့်ပါက လေယာဉ်ဆီသည် ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်၌ သုံးစွဲခဲ့မှု၏ ၈၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ အအေးရာသီများတွင် အနောက်နိုင်ငံများမှ ဒီဇယ်ဝယ်လိုအား မြင့်မားလာနိုင်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံတွင် ဂက်စ်ဆိုဟော ၉၁ နှင့် ၉၅ ဈေးနှုန်းများကို လျှော့ချပေးခဲ့ပါ‌ကြောင်း၊ နိုင်ငံ၏မူဝါဒအရ ဂက်စ်ဆိုလင်းနှင့် အီသနောအ‌ရောဖြစ်သည့် ဂက်စ်ဆိုဟော ဈေးနှုန်းများကို နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်လျှော့ချခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိဖြစ်ကြောင်း သိရှိရပါသည်။

အာဏာပိုင်များက ဒီဇယ်ဈေးနှုန်းကို ၁ လီတာလျှင် ဘတ် ၃၀ အောက်ထားရန်နှင့် LNG ဈေးနှုန်းကို ဈေးကွက်တန်ဖိုး ၁ ကီလိုဂရမ်လျှင် ၃၃.၂၁ ဘတ်နှင့်နှိုင်းယှဉ်ပါက ၁ ကီလိုဂရမ်လျှင် ဘတ် ၂၅.၈၇ သတ်မှတ်ထားပါကြောင်း၊ အစိုးရအနေဖြင့် LPG ၁ ကီလိုဂရမ်လျှင် ၇.၃၄ ဘတ်နှင့် ဒီဇယ် ၁ လီတာလျှင် ၂.၇၆ ဘတ် ထောက်ပံ့ပေးနိုင်ရေးအတွက် Oil Fuel Fund မှ သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရပါသည်။     

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand