USA

အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များတွေ့ဆုံခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး စီးပွားရေးအခြေအနေ ပြောင်းလဲလာနိုင်

Last Updated:

အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များ တွေ့ဆုံခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ပြီး စီးပွားရေးအခြေအနေ ပြောင်းလဲလာနိုင်ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၉-၁၁-၂၀၂၃ ရက်နေ့တွင် “U.S. and China to Meet as Shifting Economic Fortunes After Relationship” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် Mr. He Lifeng တို့ တွေ့ဆုံခြင်းသည် နှစ်နိုင်ငံစီးပွားရေးအခန်းကဏ္ဍကို ပြောင်းလဲနိုင်မည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် စားသုံးသူများ၏ ငွေသုံးစွဲခြင်း၊ အစိုးရက စက်မှုလုပ်ငန်းအချို့ကို ထောက်ပံ့ငွေပေးခြင်းတို့ကြောင့် တတိယလေးလပတ်တွင် စီးပွားရေးတိုးနှုန်းသည် (၄.၉) ရာခိုင်နှုန်းသို့ တိုးလာခဲ့သော်လည်း တရုတ်နိုင်ငံအနေဖြင့် အိမ်ခြံမြေဈေးကွက် ကျဆင်းခဲ့ပြီးနောက် ယင်းသို့ကျဆင်းခြင်းသည် စီးပွားရေးတစ်ရပ်လုံးအပေါ် သက်ရောက်ခဲ့သဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးနှုန်း ဆက်တိုက်ကျဆင်းသွားနိုင်မည့် အခြေအနေကို စီးပွားရေးပညာရှင်များအကြား မေးခွန်းထုတ်လျက်ရှိကြကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်နေသည့် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု (Asia Pacific Economic Cooperation – APEC) အစည်းအဝေးကာလအတွင်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ နှစ်ရက်တာတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် နှစ်ဖက်စလုံးမှ မေခရို စီးပွားရေးကိစ္စရပ်များကို အလေးထားလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အမေရိကန်နိုင်ငံ၏ အတိုးနှုန်းမြင့်မားမှုကြောင့် တရုတ်ယွမ်ငွေအပေါ် ထိခိုက်မှုများနှင့် ပတ်သက်ကာ တရုတ်နိုင်ငံဘက်မှ စိုးရိမ်လျက်ရှိပြီး အမေရိကန်ဘက်မှ တရုတ်၏ စီးပွားရေးကျဆင်းခြင်းကြောင့် ဈေးချိုသည့် ကုန်စည်များထုတ်လုပ်တင်ပို့လာနိုင်ပြီး အမေရိကန် စီးပွားရေးလုပ်ငန်းများထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် Mr. He Lifeng တို့တွေ့ဆုံခြင်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ မတွေ့ဆုံမီ အကြိုတွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဤသို့နှစ်နိုင်ငံသမ္မတများ တွေ့ဆုံခြင်းသည် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တည်ငြိမ်စေရန် ရည်ရွယ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု ဖြေလျော့နိုင်သည့်တိုင်အောင် အမေရိကန်နှင့် တရုတ် စီးပွားရေးခေါင်းဆောင်များအကြား ဆွေးနွေးရန် ကိစ္စရပ်များစွာရှိနေသည်ကို တွေ့ရပါကြောင်း၊ စီးပွားရေးနှေးကွေးမှုအပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မည့်အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် အတိုးနှုန်းလျော့ချကာ တရုတ်ပို့ကုန်များ တိုးမြှင့်တင်ပို့လာမည်ကို အမေရိကန်တို့က စိုးရိမ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ စီးပွားရေးအဖွဲ့အနေဖြင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့်တွေ့ဆုံကာ တရုတ်ယွမ်ငွေတန်ဖိုးကိုကျဆင်းစေသည့် အကြောင်းအရင်းများဖြစ်သော အမေရိကန်နိုင်ငံ၏ အတိုးနှုန်းတိုးမြှင့်မှုနှင့် အရန်ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းသွားရန်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် ယွမ်ငွေတန်ဖိုးကျဆင်းခြင်းကိုကာကွယ်ရန် လက်ဝယ်ရှိငွေတိုက် စာချုပ်အများအပြားကို ရောင်းချနိုင်သည်ဟု စီးပွားရေးပညာရှင်အချို့ကခန့်မှန်းကြကြောင်း၊ တရုတ် ဒုတိယဝန်ကြီးချုပ် Mr. He Lifeng နှင့်အဖွဲ့သည် အမေရိကန်၏ အဆင့်မြင့်နည်းပညာများ တရုတ်သို့ရောင်းချရန် တားဆီးခြင်းနှင့် တရုတ်နိုင်ငံရှိ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်ချက်နှင့် ပတ်သက်၍ ဆွေးနွေးနိုင်ပြီး အမေရိကန်နိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေးကို အဓိကထား ကာကွယ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ အမေရိကန် မော်တော်ကားထုတ်လုပ်သူများနှင့် အကျိုးဆောင်များကလည်း တရုတ်လျှပ်စစ် မော်တော်ကားလုပ်ငန်းများနှင့် ပတ်သက်၍ စိုးရိမ်မှုရှိလာကြသည်ကိုတွေ့ရပါကြောင်း၊ အမေရိကန် အစိုးရကလည်း တရုတ်လျှပ်စစ်မော်တော်ကား တင်သွင်းမှုအပေါ် အကောက်ခွန် (၂၇.၅) ရာခိုင်နှုန်း သတ်မှတ်ကောက်ခံခဲ့ကြောင်း၊ တရုတ် လျှပ်စစ်မော်တော်ကား ကုမ္ပဏီများသည် တရုတ်အစိုးရထံမှ ထောက်ပံ့ငွေရရှိကြသဖြင့် အမေရိကန်ဖက်က အကောက်ခွန်နှုန်း တိုးမြှင့်သတ်မှတ်ကောက်ခံသော်လည်း အမေရိကန်ထုတ် မော်တော်ကား ဈေးနှုန်းအောက် လျော့နည်းရောင်းချနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ဂျပန်နိုင်ငံကိုကျော်လွန်ကာ မော်တော်ကား အများဆုံး တင်ပို့သည့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ပို့ကုန်များအပေါ် ၂၀၂၃ ခုနှစ်အတွင်း ကောက်ခံသည့် အကောက်ခွန်နှုန်းကို ပြန်လည်စိစစ်လျက်ရှိပြီး အချို့အကောက်ခွန်နှုန်းကို လျော့ချကာ အချို့ကုန်စည်များကို တိုးမြှင့်သတ်မှတ်နိုင်ကြောင်း သိရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA