USA

ဗဟိုဘဏ်က အတိုးနှုန်းကို ယခင်အတိုင်းဆက်လက်ထားရှိသော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌတွင် အတိုးနှုန်း တိုး/လျော့နိုင်သည့် အခြားနည်းများရှိ

Last Updated:

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို ယခင်အတိုင်း ဆက်လက်ထားရှိသော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell တွင် အတိုးနှုန်းတိုး/ လျော့နိုင်သည့် အခြားနည်းများရှိကြောင်းကို Wall Street Journal အွန်လိုင်းသတင်း၌ ၉-၁၁-၂၀၂၃ ရက်နေ့တွင် “Even if the Fed Stays on Hold, Jerome Powell Is Keeping His Option Open” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က အမေရိကန် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှု ကျဆင်းသည့် အချက်အလက်များမရရှိမီ အချိန်အထိ အတိုးနှုန်းတိုးမြှင့်မှု အဆုံးသတ်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ မကြာသေးမီက ဈေးနှုန်းမြင့်တက်မှုနှင့် လုပ်ခလစာတိုးမြှင့် တောင်းခံမှုဖိအားများ လျော့ကျခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်၏ အတိုးနှုန်းတိုးမြှင့်မှု အပြီးသတ်ပြီဟု ရင်းနှီးမြှုပ်နှံသူများက ထင်မှတ်ခဲ့ကြသော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က အပြောင်းအလဲ တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဗဟိုဘဏ်အနေဖြင့် ပိုမိုတင်းကျပ်သည့် မူဝါဒများကို ချမှတ်နိုင်ကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့် စီးပွားရေးအခြေအနေကို စောင့်ကြည့်လေ့လာလျက်ရှိပြီး လအနည်းငယ်ခန့် အခြေအနေကောင်းရုံဖြင့် အတိုးနှုန်းတိုးမြှင့်မှု ရပ်ဆိုင်းသွားမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်အနေဖြင့် (၂၂) နှစ်တာကာလအတွင်း အမြင့်ဆုံးအတိုးနှုန်းကို ၂၀၂၃ ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း၊ ယခင်ရက်သတ္တပတ်အတွင်း အတိုးနှုန်းတိုးမြှင့်မှုကို ခေတ္တရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီး ဒီဇင်ဘာလ ၁၂-၁၃ ရက်နေ့တွင် ကျင်းပမည့် ဗဟိုဘဏ်၏ အစည်းအဝေးတွင်လည်း အတိုးနှုန်းတိုးမြှင့်မှု ဆိုင်းငံ့ထားနိုင်ကြောင်း၊ သို့သော် စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှု အခြေအနေအပေါ်မူတည်၍ ၂၀၂၄ ခုနှစ်တွင် ထပ်မံတိုးမြှင့်နိုင်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန် အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အလုပ်လက်မဲ့နှုန်းသည် စက်တင်ဘာလတွင် (၃.၈) ရာခိုင်နှုန်းမှ အောက်တိုဘာလတွင် (၃.၉) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သဖြင့် အလုပ်သမားလိုအပ်ချက်‌ လျော့နည်းခဲ့ကြောင်း၊ အစားအစာနှင့် လောင်စာဆီဈေးနှုန်းတို့ကို ထည့်သွင်းတွက်ချက်ခြင်းမပြုသည့် Core Inflation မှာ ၂၀၂၃ ခုနှစ်တွင် (၂.၈) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က ငွေကြေးဖောင်းပွမှုနှုန်းကို (၂) ရာခိုင်နှုန်းအထိ ကျဆင်းအောင် ဆောင်ရွက်နိုင်ခြင်းမှာ လွယ်ကူသည့်ကိစ္စရပ် မဟုတ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အလုပ်အကိုင်ရှာဖွေသူအရေအတွက် တိုးလာခဲ့ပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုလာကာ ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA