USA

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် Mr. He Lifeng တို့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် တွေ့ဆုံခဲ့

Last Updated:

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် Mr. He Lifeng တို့သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကိုမြို့တွင် တွေ့ဆုံခဲ့ကြောင်း “Secretary of the Treasury Janet L. Yellen’s Bilateral Meetings with Peoples’ Republic of China Vice Premier He Lifeng in San Francisco, California” ခေါင်းစဉ်ဖြင့် ၁၀-၁၁-၂၀၂၃ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၌ ဖော်ပြထားပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် Mr. He Lifeng တို့သည် ၉-၁၁-၂၀၂၃ ရက်နေ့နှင့် ၁၀-၁၁-၂၀၂၃  ရက်နေ့တို့တွင် တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံစဉ် အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များအပါအဝင် စီးပွားရေးရာကိစ္စရပ်များကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေးတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က ခိုင်မာသည့် ဆက်ဆံရေးစနစ်တစ်ခု တည်ဆောက်လျက် နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုကို တာဝန်ရှိရှိစီမံဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါကြောင်း၊ အမေရိကန်နှင့် တရုတ်တို့အနေဖြင့် နိုင်ငံတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မေခရို စီးပွားရေးအခြေအနေများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပြီးနောက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံအကျိုးရှိစေမည့် ခိုင်မာသော စီးပွားရေးဆက်ဆံရေးတည်ဆောက်လိုကြောင်း၊ ထိုသို့ခိုင်မာသော စီးပွားရေးဆက်ဆံမှုတည်ဆောက်ရန်အတွက် စည်းမျဉ်းကိုအခြေခံသည့် အားလုံးပါဝင်နိုင်သော ဝန်းကျင်တစ်ရပ် လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ဈေးကွက်စီးပွားရေးကို အခြေမခံသည့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများမှာ အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများကို ထိခိုက်မှုရှိစေကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က Graphite နှင့် အခြားအရေးကြီးသတ္တုပို့ကုန်များပေါ် တရုတ်နိုင်ငံ၏ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းနှင့် တရုတ်ကုမ္ပဏီများအနေဖြင့် ရုရှားနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍကို အထောက်အကူပြုသည့် ပစ္စည်းများကို ထောက်ပံ့ခြင်းမပြုလုပ်ရန် ပြောကြားခဲ့ကြောင်း၊ စီးပွားရေးကဏ္ဍတွင် အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတော်လုံခြုံရေးကို အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်သွယ်ဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပါကြောင်းဖြင့် ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် Mr. He Lifeng တို့သည် အစည်းအဝေးတွင် အောက်ပါအချက်များကို သဘောတူညီခဲ့ကြပါသည် -

နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရေး နှစ်နိုင်ငံအဖြေရှာသွားရန်နှင့် သဘောတူညီမှုမရရှိသည့် အချက်များအား တတ်နိုင်သမျှ ဖော်ထုတ်၍ မလိုလားအပ်သည့် ဆက်ဆံရေးတင်းမာမှုများ မဖြစ်ပေါ်စေရေးအတွက် လွဲမှားစွာယူဆခြင်းကို ရှောင်ကျဉ်သွားရန် သဘောတူကြသည်။ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားရန်နှင့် ဒုတိယဝန်ကြီးများအဆင့်ရှိ အစည်းအဝေးများ ကျင်းပသွားရန်၊ ဆွေးနွေးချက်ရလဒ်များကို ဝန်ကြီးများထံ တင်ပြသွားရန်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးနှင့် တရုတ်ဒုတိယ ဝန်ကြီးချုပ်တို့အကြား ပုံမှန်ဆက်သွယ်ရေး စနစ်တစ်ခု တည်ထောင်သွားရန်လည်း ကတိကဝတ်ပြုခဲ့ကြသည်၊

အမေရိကန်နှင့် တရုတ်နိုင်ငံတို့အနေဖြင့် စီးပွားရေးဆက်ဆံမှု ဖြတ်တောက်ခြင်းမပြုရန် အလေးထားဆွေးနွေးခဲ့ကြပြီး ကုမ္ပဏီများအနေဖြင့် မျှတစွာပါဝင် လုပ်ကိုင်နိုင်သည့် ဝန်းကျင်တစ်ရပ်ဖန်တီးလျက် နှစ်နိုင်ငံပြည်သူများကို အကျိုးရှိစေသော ခိုင်မာသည့် စီးပွားရေးဆက်ဆံမှုဖြစ်ပေါ်ရေးကို ကြိုဆိုခဲ့ကြသည်၊

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စရပ်များကဲ့သို့သော စိန်ခေါ်မှုများကို အတူအကွဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်းသော စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ဝင်ငွေနည်းနိုင်ငံများနှင့် ထွန်းသစ်စနိုင်ငံများ၏ ကြွေးမြီဆိုင်ရာ ကိစ္စရပ်များတွင် အတူတကွ လက်တွဲလုပ်ဆောင်ရန်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF)  တွင် နိုင်ငံများ၏ ကိုယ်စားပြုပါဝင်မှုကို ခွဲတမ်း (Quota) စနစ်ဖြင့်လည်းကောင်း ပါဝင်ခွင့်ပြုရန်နှင့် နိုင်ငံစုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်များကို ပိုမိုးကောင်းမွန်၍ ထိရောက်မှုရှိစေရေး နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို ကောင်းမွန်အောင်ဆောင်ရွက်ရန် နှစ်နိုင်ငံ ကတိကဝတ်ပြုခဲ့ကြပါသည်။

တရုတ်ဒုတိယဝန်ကြီးချုပ် Mr. He Yifeng က အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen အား တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးအနေဖြင့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် Mr. He Lifeng တို့ သတင်းထုတ်ပြန်ချက်အား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

Source: https://home.treasury.gov/news/press-releases/jy1896

(စီပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA