China(Nanning)

ဒူးရင်းတင်သွင်းမှုသည် တရုတ်-ဗီယက်နမ်ကုန်သွယ်မှုကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Youyiguan ဂိတ်သည် ယခင်က ထိုင်းနိုင်ငံမှ ဒူးရင်းသီးများကို အဓိကတင်သွင်းခဲ့ပါသည်။ သို့သော် ဗီယက်နမ်မှ လတ်ဆတ်သော ဒူးရင်းသီးများသည် ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ ဈေးကွက်ဝင်ရောက်ခွင့်ရရှိပြီးနောက် ယခုအခါ ထိုင်းဒူးရင်းဈေးကွက်ကို အလျင်အမြန် အမှီလိုက်လာကြောင်း သိရှိရပါသည်။

Pingxiang မြို့အခြေစိုက် သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခု၏ အထွေထွေမန်နေဂျာ Nong Liqing က အိမ်နီးချင်းကွမ်တုန်းပြည်နယ်နှင့် တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ဝယ်သူများထံသို့ ဒူးရင်းသီးများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုနှစ် ဒီဇင်ဘာလအထိ ဒူးရင်းသီး ကွန်တိန်နာအလုံး (၁၆၀၀) ကျော် တင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ ဒူးရင်းသီးများအပြင် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးများကိုလည်း တင်သွင်းခဲ့သည်ဟု Nong က ဆက်လက်ပြောကြားခဲ့ပါသည်။

တရုတ်လူမျိုးများသည် အပူပိုင်းဒေသထွက် အသီးအနှံများကို အလွန်ကြိုက်နှစ်သက်ကြကြောင်း၊ ယခင်နှစ်က တရုတ်နိုင်ငံသည် ဒူးရင်းတန်ချိန် (၈၂၅,၀၀၀) တင်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းသော သစ်သီးဝလံများအနက် ဒူးရင်းသီး တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၄.၀၃) ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

ဒူးရင်းသီးထွက်ရှိချိန်ကြာမြင့်မှုနှင့် ဈေးနှုန်းသက်သာမှုတို့ကြောင့် နာမည်ကြီးသော ဗီယက်နမ် ဒူးရင်း သီးများသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အရ တရုတ်နိုင်ငံသို့ ယခင်နှစ်မှစတင်၍ ဈေးကွက်ဝင်ရောက်ခွင့်ရရှိခဲ့ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီး အဓိကတင်ပို့သည့် ဈေးကွက်ဖြစ်ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များက အရှေ့တောင်အာရှနိုင်ငံများမှ ဒူးရင်းသီး၊ မင်းဂွတ်သီးနှင့် အုန်းသီးကဲ့သို့သော အသီးအနှံများသည် တရုတ်နိုင်ငံတွင် ရှားပါးသော် လည်း ယခုအခါ တရုတ်နိုင်ငံရှိမြို့ကြီးများရှိ သစ်သီးအရောင်းဆိုင်များတွင် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနေပြီဖြစ်သည်ဟု ကွမ်ရှီးအခြေစိုက်သစ်သီးကုမ္ပဏီတစ်ခု၏ ဥက္ကဌ Wang Zhengbo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၎င်း၏ ကုမ္ပဏီသည် ယခင်နှစ်က ဟက်တာ (၃၀၀၀) နီးပါးရှိသော ဗီယက်နမ်ဒူးရင်းခြံများနှင့် စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း၊ တရုတ်ဈေးကွက်၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ဗီယက်နမ်ဒူးရင်းသီး ကွန်တိန်နာအလုံး (၃,၀၀၀) သို့မဟုတ် တန်ချိန် (၆၀,၀၀၀) ကျော် တင်သွင်းရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

လက်ရှိတွင် Youyiguan ဂိတ်သည် တရုတ်နှင့် ဗီယက်နမ်အကြား နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအကျဆုံးကုန်းတွင်း ဆိပ်ကမ်းဖြစ်လာကြောင်း၊ Youyiguan ဂိတ်ရှိ နယ်စပ်အဝင်/ အထွက် စစ်ဆေးရေးစခန်း၌ ယခုနှစ်အတွင်း ကုန်တင်/ ကုန်ချပြုလုပ်သည့် ယာဉ်အစီးရေ (၄၀၀,၀၀၀) ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၂၂) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

Youyiguan ဂိတ်သည် ဗီယက်နမ်၏ သစ်သီးဝလံတင်ပို့မှုအတွက် အကြီးဆုံး ကုန်းတွင်းဆိပ်ကမ်းဖြစ်ပြီး ဒူးရင်းသီး၊ နဂါးမောက်သီး၊ ပိန္နဲသီးနှင့် အခြားဗီယက်နမ် သစ်သီးဝလံများ တင်ဆောင်ထားသည့် ကုန်တင်ကားအစီးရေ (၃၀၀) နီးပါးကို နေ့စဉ်အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း Youyiguan ဂိတ်မှ အကောက်ခွန်မှူး Tang Shan က ပြောကြားခဲ့ပါသည်။ မကြာမီ ဒူးရင်းသီးရာသီချိန် ကုန်ဆုံးတော့မည်ဖြစ်သော်လည်း ဗီယက်နမ် ဒူးရင်းသီး ကွန်တိန်နာအလုံး (၃၀) ကျော်ကို နယ်စပ်ဂိတ်မှတစ်ဆင့် နေ့စဉ်တင်သွင်းနေကြောင်း သိရှိရပါသည်။

နန်နင်းအကောက်ခွန်ဌာန၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ Youyiguan ဂိတ်မှတစ်ဆင့် ဗီယက်နမ်မှ တင်သွင်းသည့် ကုန်ပစ္စည်းတန်ဖိုးမှာ ယွမ် (၉၁.၄၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၈၅ ဘီလီယံခန့်) ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၂၇၁.၈) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ၎င်းတို့အနက် ဗီယက်နမ်မှ သစ်သီးဝလံတင်သွင်းမှုသည် ယွမ် (၁၁.၇၁) ဘီလီယံရှိပြီး (၆၃၇.၉) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ဒူးရင်းတင်သွင်းမှုတန်ဖိုး စုစုပေါင်းယွမ် (၁၁.၁၉) ဘီလီယံရှိပြီး (၃,၀၈၄.၂) ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံမှ လယ်ယာထွက်ကုန်မျိုးစုံကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုသကဲ့သို့ ကွမ်ရှီးဒေသမှ အရည်အသွေးမီသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဗီယက်နမ် ဈေးကွက်သို့ တင်ပို့ခြင်းကြောင့် တရုတ်နှင့် ဗီယက်နမ်နယ်စပ်ရှိ လယ်ယာထွက်ကုန်များ အပြန်အလှန် ကုန်သွယ်မှုသည် ဆက်လက်ကြီးထွားလာခဲ့ကြောင်း သိရှိရပါသည်။

Youyiguan ဂိတ်အပြင်၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ Hekou ဂိတ်သည်လည်း ယခုနှစ် ဧပြီလတွင် ဒူးရင်းသီးတင်သွင်းရန် ခွင့်ပြုပြီးကတည်းက တရုတ်နိုင်ငံတွင် ရေပန်းစားသော ဒူးရင်းသီး တင်သွင်းသည့် ဂိတ်တစ်ခုဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းဒူးရင်းသီးများကို ရောင်းချခဲ့ပြီးနောက် ဒုတိယနှစ်ဝက်တွင် ဗီယက်နမ် ဒူးရင်းသီးများသည် စျေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ဆိပ်ကမ်း၌ အကောက် ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ လွယ်ကူအဆင်ပြေခြင်းကလည်း ဗီယက်နမ် ဒူးရင်းသီးများကို ရွေးချယ်ရန် အဓိကကျသော အကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိတွင် Hekou ဂိတ်တွင် နေ့စဉ်ပျမ်းမျှ ကားအစီးရေ (၇၀၀) ခန့် ဝင်/ထွက်လျက်ရှိပြီး အထူးသဖြင့် စိုက်ပျိုးရေးနှင့် ဆက်စပ်ထွက်ကုန်ပစ္စည်းများကို အကောက်ခွန်ရှင်းလင်းရေးအတွက် အစိမ်းရောင်လမ်းကြောင်းကို ဖွင့်ပေးထားပြီး အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

 

 

Source: www.china.org.cn/china/Off_the_Wire/2023-12/11/content_116872073.htm

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)