Thailand

ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဗီဇာကင်းလွတ်ခွင့်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံအတွင်းသို့ စီးပွားရေး ရည်ရွယ်ချက်ဖြင့် ရက် ၃၀ ထက်မပိုဘဲ လာရောက်မည့် ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့ထိ ၃ နှစ်ကြာ ဗီဇာ ကင်းလွတ်ခွင့်ကို ထိုင်းနိုင်ငံအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ် ပါသည်။

ဗီဇာကင်းလွတ်ခွင့်သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများကို  မြှင့်တင်ရန်ဖြစ်ပြီး ထိုင်းနိုင်ငံ စီးပွားရေးကို လှုံ့ဆော်အားဖြည့်ပေးရာ ရောက်ပါကြောင်း၊ ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တတိယအကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ ဂျပန်သည် ၂၀၁၃ ခုနှစ်မှစ၍ ထိုင်းခရီးသွားများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ၁၅ ရက် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ပါကြောင်း၊ ထိုင်းဖက်မှ တစ်ဖက်သတ် ယာယီဆောင်ရွက်မှု ဖြစ်သော်လည်း ၃ နှစ် ၁ ကြိမ် သက်တမ်းတိုးလျက်ရှိပြီး ၂၀၂၅ ခုနှစ် အထိ ဖြစ်ပါကြောင်း အစိုးရ၏ ဒုတိယ‌ ပြောရေးဆိုခွင့်ရှိသူ Mr. Karom Polpornklang က ပြောကြားပါသည်။

ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ထုတ်ပြန်ထားချက်အရ ယခုနှစ် ပထမ ၆ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း အဆိုပြုလွှာ ၅၀၇ ခုရှိပါကြောင်း၊ တရုတ်သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၆၁.၅ ဘီလီယံဖြင့် အဆင့် ၁၊ စင်ကာပူသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၅၉.၁ ဘီလီယံဖြင့် အဆင့် ၂ နှင့် ဂျပန်သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၃၅.၃ ဘီလီယံဖြင့် အဆင့် ၃ ဖြစ်ကြောင်း၊ လျှပ်စစ်ပစ္စည်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ အထူးသဖြင့် တာယာ၊ ဝင်ရိုး၊ နှစ်မျိုးသုံးထုတ်လွှတ်မှုစနစ် (Hybrid Transmission System) နှင့် လျှပ်စစ်မော်တော် ကားများအတွက် ဓာတ်အားသွင်းရုံများတွင် ဒုတိယအများဆုံးဖြစ်ကြောင်း၊ နှစ်စဉ် ဘတ္တရီ ၂၇၆,၆၄၀ လုံး ထုတ်လုပ်နိုင်သော စွမ်းရည်ရှိသည့် လျှပ်စစ်မော်တော်ကား ဘတ္တရီထုတ်လုပ်သူ ၁၄ ဦးက ရင်းနှီးမြှုပ်နှံမှု ခံစားခွင့် ဘတ် ၃၃.၉ ဘီလီယံ ခံစားခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင်လည်း ရုရှားနှင့် တရုတ်အပါအဝင် (၅) နိုင်ငံမှ ခရီးသွားများအား အခြေအနေ (Condition) အမျိုးမျိုးဖြင့် ဗီဇာကင်းလွတ်ခွင့်ပေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ ဗီဇာကင်းလွတ်ခွင့်ပေးခြင်းသည် ခရီးသွားလာရေးလုပ်ငန်းအတွက် သာမက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရာတွင်လည်း အထောက်အကူပြုပါကြောင်း သုံးသပ်ရပါသည်။   

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand