China(Nanning)

RCEP သည် တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သည့် ပေ့ဟိုင်မြို့ရှိ Guangxi Sun Paper Board Co., Ltd. သည် တရုတ်ယွမ် (၄၃၀,၀၀၀) ခန့် (အမေရိကန်ဒေါ်လာ ၆၀,၀၉၈ ခန့်) တန်ဖိုးရှိသော Coated Ivory Board များကို နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ထုတ်ပိုးထားပြီး အင်ဒိုနီးရှားနိုင်ငံသို့ (၁၅) ရက်ခန့်အတွင်း ရောက်ရှိရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) ၏ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်ဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် အကောက်ခွန် ရှင်းလင်းသည့်အခါ ၎င်းတို့၏ ကုန်ပစ္စည်းများသည် ယွမ် (၂၀,၀၀၀) ခန့် အကောက်ခွန်သက်သာခွင့်ရရှိမည်ဟု ကုမ္ပဏီ၏ ပို့ကုန်အကောက်ခွန်ရေးရာ ဒါရိုက်တာ Liu Ning က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီသည် RCEP အောက်မှ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အစောင် (၂၀၀) ခန့်ကို လျှောက်ထားခဲ့ရာ ကုမ္ပဏီသည် နိုင်ငံခြားကုန်သွယ်မှုတွင် အားသာချက်အသစ်များကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အင်ဒိုနီးရှား၌ ၎င်းတို့၏ဈေးကွက်ချဲ့ထွင်ရန် အထောက်အကူဖြစ်စေခဲ့ကြောင်း Liu ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့၌ စတင်အသက်ဝင်ခဲ့သော RCEP တွင် အာဆီယံ အဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ၎င်းတို့၏ကုန်သွယ်ဖက် (၅) နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံ တို့အပါအဝင် အာရှ - ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း (၁၅) နိုင်ငံ ပါဝင်ကြောင်း၊ RCEP သည် အင်ဒိုနီးရှားနိုင်ငံအတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းသစ်များကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

RCEP သဘောတူညီချက်၏ ကတိကဝတ်နှင့်အညီ အင်ဒိုနီးရှားသည် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ ၏ (၆၅.၁) % အပေါ် စတင်အသက်ဝင်သည့်နေ့မှစ၍ အကောက်ခွန်ကင်းလွတ် ခွင့်ပြုထားပြီး၊ တရုတ်နိုင်ငံသည်လည်း အင်ဒိုနီးရှားမှ ကုန်ပစ္စည်းများ၏ (၆၇.၉) % ကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိရပါသည်။

တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (China-ASEAN Free Trade Agreement -CAFTA) အရလည်း အင်ဒိုနီးရှားနိုင်ငံသည် မော်တော်ဆိုင်ကယ်၊ ရုပ်မြင်သံကြား၊ အဝတ်အစား၊ ဖိနပ်နှင့် ပလပ်စတစ်ထုတ်ကုန်များ အပါအဝင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်း (၇၀၀) ကျော်ကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိရပါသည်။

အလားတူ နာနတ်သီးဖျော်ရည်၊ စည်သွတ်ဘူးများ၊ စက္ကူထုတ်ကုန်များနှင့် မော်တော်ယာဥ် အစိတ်အပိုင်းများကဲ့သို့သော အင်ဒိုနီးရှားနိုင်ငံမှ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသည် အခွန်လျှော့ချပေးမည်ဖြစ်ပြီး အင်ဒိုနီးရှားမှ ကုန်ပစ္စည်းများအတွက် ၎င်း၏ဈေးကွက်ကို ပိုမိုဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုနီးကပ်လာခဲ့ကြောင်း၊ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံ တို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံအထိ တိုးလာခဲ့ကြောင်း၊ တရုတ်သည် အင်ဒိုနီးရှား၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် (၁၀) နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း သိရှိရပါသည်။

RCEP သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံခြားကုန်သွယ်မှု တိုးတက်စေရန်အတွက် အရေးပါသော မောင်းနှင်အားဖြစ်လာကြောင်း၊ အထူးသဖြင့် အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှုတွင် အားအင်သစ်များကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံရှိ တရုတ်သံရုံး၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ပထမ (၁၀) လ တွင် တရုတ်နှင့် အင်ဒိုနီးရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ (၁၁၄.၅) ဘီလီယံ ရှိခဲ့ပြီး ပထမ (၉) လအတွင်း တရုတ်သည် အင်ဒိုနီးရှားတွင် အမေရိကန်ဒေါ်လာ (၅.၆) ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၈) % ခန့် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/20240104/263d37d4ec5e4ada86599a61b5d02cdc/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)