Thailand

ပင်လယ်နီအတွင်း အခြေအနေဆိုးရွားလာမှုကြောင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်မဟာဗျူဟာ များကို ဆောလျင်စွာ ပြန်လည်ပြင်ဆင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထား

Last Updated:

ပင်လယ်နီအတွင်း အခြေအနေဆိုးရွားလာမှုကြောင့် သင်္ဘောကုန်ကျစရိတ်နှင့် သင်္ဘောလမ်းကြောင်း အသုံးပြုချိန်တိုးမြှင့်ရသဖြင့် လမ်းကြောင်းရရှိမှုများတွင် သက်ရောက်မှုများရှိလာသဖြင့် ပို့ကုန်မဟာဗျူဟာများကို ဆောလျင်စွာ ပြန်လည်ပြင်ဆင်သွားရန် ထိုင်းပို့ကုန်လုပ်ငန်းရှင်များကို တိုက်တွန်းထားကြောင်း သိရှိရပါသည်။

၁၁-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သင်္ဘောကုမ္ပဏီများပါဝင်သော အစည်းအဝေးတွင် ပင်လယ်နီအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောများကို Houthi များ၏ တိုက်ခိုက်ခံရခြင်းကြောင့် မြောက် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥ‌ရောပသို့ပြေးဆွဲသည့် သင်္ဘောကုန်ကျစရိတ်များ မြင့်တက်လာပါကြောင်း၊  ဝယ်ယူသူများထံကုန်စည်များရောက်ရှိမှု နှောင့်နှေးနိုင်ပါကြောင်း၊ ထိုင်းပို့ကုန်လုပ်ငန်းရှင်များ ကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သေတ္တာတင်သင်္ဘောများ၏ ၂၀ ရာခိုင်နှုန်းသည် ပင်လယ်နီကို ရှောင်ရှား၍ ပိုမိုရှည်လျားသော လမ်းကြောင်းကို အသုံးပြုနေပါကြောင်း၊ ပင်လယ်နီအတွင်း တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ၊ မြောက်အာဖရိကနှင့် ဥရောပသို့ မော်တော်ကားဆက်စပ်ပစ္စည်းများ တင်ပို့မှုနှင့် ဥရောပသို့ တင်ပို့ရာတွင် ထိုင်းပို့ကုန် စုစုပေါင်း၏ ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအတွင်းရှိပြီး အရေးပါသော ဈေးကွက်ဖြစ်ပါကြောင်း၊ ဥရောပသို့ တာယာများ၊ အစားအစာများနှင့် လျှပ်စစ်ပစ္စည်းများ တင်ပို့မှုတို့တွင် များစွာ သက်ရောက်စေပါကြောင်း Mr. Chaichan က ဖြည့်စွက်ပြောကြားပါသည်။

ပင်လယ်နီသို့ သွားရောက်မည့် သင်္ဘောစရိတ်သည် ၂၀၀ ရာခိုင်နှုန်းမှ ၄၀၀ ရာခိုင်နှုန်းကြား မြင့်တက်လာပါကြောင်း၊ ဂျဒတ်၊ ဆော်ဒီအာရေဗျ၊ အကွေဘာ၊ ဂျော်ဒန်၊ ဆော့က်နာနှင့် အီဂျစ်သို့ တင်ပို့စရိတ်သည် ပေ ၂၀ ကုန်သေတ္တာ ၁ လုံးလျှင် ယခင် အမေရိကန်ဒေါ်လာ ၁,၅၀၀ မှ ယခု အမေရိကန်ဒေါ်လာ ၈,၅၀၀ သို့လည်းကောင်း၊ တူရကီသို့ တင်ပို့စရိတ်သည် ကုန်သေတ္တာ ၁ လုံးလျှင် ယခင် အမေရိကန်ဒေါ်လာ ၂,၄၀၀ မှ ယခု အမေရိကန်ဒေါ်လာ ၇,၅၀၀ သို့ လည်းကောင်း၊  ဥရောပသို့ တင်ပို့စရိတ်သည် ၃ ဆ သို့ လည်းကောင်း အသီးသီး   မြင့်တက်လာပါကြောင်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ကုန်သေတ္တာများနှင့် သင်္ဘောတင်ဆောင်မည့် အချိန်များကို ၁ လ ကြိုတင် စာရင်းပေးသွင်းရပါကြောင်း Fortune Parts Industry Plc ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Sompol Tanadumrongsak က ဖြည့်စွက်ပြောကြားခဲ့သည်။

သင်္ဘောကုမ္ပဏီများကို သယ်ယူပို့ဆောင်စရိတ်နှုန်းထားကို ထိန်းထားရန် မေတ္တာရပ်ခံထားပါကြောင်း၊ ကြိုတင်စာရင်းပေးသွင်းထားသည့် နှုန်းထားအတိုင်း ပြောင်းလဲမှုမရှိပါကြောင်း၊ အပိုကြေးနှင့် စပ်လျဉ်း၍ သင်္ဘောကုမ္ပဏီများဖက်မှ ရှင်းလင်းသော ကြေညာချက်တစ်ရပ်ထုတ်ပြန်ရန် ဝန်ကြီးဌာနအနေဖြင့် မှာကြားထားပါကြောင်း၊ သို့မှသာ ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းရှင်များအကြား ညှိနှိုင်းစီစဉ်နိုင်မည်ဖြစ်ကြောင်း၊ အလွတ်ကြေးကောက်ခံမှုများနှင့်စပ်လျဉ်း၍ ဆိပ်ကမ်းများတွင် ကုန်သေတ္တာများ ပြည့်ကျပ်မှုနှင့် ကုန်သေတ္တာလည်ပတ်မှုတွင် ပြဿနာများ မပေါ်ပေါက်စေရေး သင်္ဘောကုမ္ပဏီများ အနေဖြင့် ဆိပ်ကမ်းအာဏာပိုင်နှင့် ညှိနှိုင်းသွားရန် အကြံပြုလိုကြောင်း၊ ယင်းသို့ ဆောင်ရွက်မှသာ ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်မှုများတွင် လွယ်ကူ ချော မွေ့စေမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul က ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: Thailand