Thailand

ထိုင်းနိုင်ငံ၏ စားသုံးသူယုံကြည်မှုညွှန်ကိန်းသည် ဇန်နဝါရီလတွင် ၆ လမြောက် ဆက်တိုက်မြင့် တက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ စားသုံးသူညွှန်ကိန်းသည် ၆၂.၉ ဖြင့် ဇန်နဝါရီလတွင် ၆ လမြောက် ဆက်တိုက်မြင့် တက်လျက်ရှိကြောင်း၊ အစိုးရ၏ အသုံးစရိတ်လှုံ့ဆော်ပေးသည့် အစီအမံများ၊ လျှပ်စစ်ဓာတ်အားခနှင့် စက်သုံးဆီဈေးနှုန်းများ လျှော့ချပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း The University of the Thai Chamber of Commerce (UTCC) က ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်လာမှု၊ ပို့ကုန်တိုးတက်လာမှုနှင့် သီးနှံဈေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် ပြည်သူများအနေဖြင့် နိုင်ငံ၏ စီးပွားရေးတဖြည်းဖြည်း တိုးတက်မှုရှိလာသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်သုံးစွဲမှုသည် ဒုတိယ ၃ လပတ်တွင် စတင်မည်ဖြစ်ပြီး စတုတ္ထ ၃ လပတ်တွင် စီးပွားရေးတိုးတက်မှုကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပထမနှစ်ဝက်အတွင်း စီးပွားရေး တိုးတက်မှုတွင် ခရီးသွားကဏ္ဍသည် အရေးပါပါကြောင်း၊ ယခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုကို ၃.၀ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းကြား ခန့်မှန်းထားပါကြောင်း၊ အစိုးရအနေဖြင့် ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) ကို အကောင်အထည်ဖော်မည် ဆိုပါက ၄ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ကြောင်း UTCC ဥက္ကဋ္ဌ Mr. Thanavath Phonvichai က သုံးသပ်ထား ပါသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံစီးပွားရေးကို အဓိက မောင်းနှင်မည့် အချက်များမှာ ခရီးသွားလုပ်ငန်း၊ ပို့ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန်ဈေးနှုန်းများနှင့် အစိုးရ အသုံးစရိတ်တို့ဖြစ်ကြောင်း၊ အဓိက လှုံ့ဆော်ပေးသည့်အချက်မှာ ဒီဂျစ်တယ်ပိုက်ဆံအိတ်ဖြစ်ပြီး ခရီးသွားလုပ်ငန်းနှင့် ပို့ကုန်တိုးတက်မှုတို့သည် တိုးတက်နိုင်သည့် အလားအလာကောင်းများ ရှိပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် တောင်သူများ ဝင်ငွေတိုးပွားလာပြီး GDP လည်း တိုးတက်လာပါကြောင်း၊ တရုတ်၊ ကာဇက်စတန်၊ အိန္ဒိယ၊ ထိုင်ဝမ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးခြင်း၊ နိုင်ငံခြားသားများ ထိုင်းနိုင်ငံတွင်း နေထိုင်မှုကာလတိုးမြှင့်ပေးခြင်း၊ နိုင်ငံခြားခရီးသွားလာရောက်မှု မြင့်တက်လာခြင်း၊ တောင်သူများဝင်ငွေ တိုးမြင့်လာခြင်း၊ ဒီဇယ်ဈေးနှုန်းများ တည်ငြိမ်နေခြင်းနှင့် ပို့ကုန် တိုးမြင့်လာခြင်းတို့လည်း ပါဝင်ပါကြောင်း ၎င်းက ဖြည့်စွက်သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံ အစိုးရ၏ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ဗီဇာဖြေလျှော့ပေးမှုများကြောင့် နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်လာခြင်း၊ ပို့ကုန်တိုးတက်လာခြင်းတို့သည် နိုင်ငံ GDP တိုးတက်မှု ကို ထောက်ပံ့ပေးပါသည်။ လျှပ်စစ်ဓာတ်အားခနှင့် ဒီဇယ်ဆီဈေးနှုန်းလျှော့ချပေးခြင်းတို့သည်လည်း စားသုံးသူညွှန်ကိန်း မြင့်တက်စေသည့်အချက်များ ဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

 

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊  ဗန်ကောက်မြို့)

Category: Thailand