Thailand

တရုတ်နိုင်ငံမှ တန်ဖိုးနည်းကုန်ပစ္စည်းများ တင်သွင်းလာခြင်းကြောင့် ယှဉ်ပြိုင်မှုကို ထိန်းသိမ်းနိုင်ရန် ထိုင်းနိုင်ငံ၊ အသေးစားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများအတွက် အစိုးရ၏ ပိုမိုကောင်းမွန်သော အကာအကွယ် လိုအပ်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံမှ တန်ဖိုးနည်းထုတ်ကုန်များ ထိုင်းနိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိနေ ခြင်းကြောင့် ယှဉ်ပြိုင်နိုင်မှုကို ထိန်းထားနိုင်ရန် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်သော အကာအကွယ်ပေးမှုလိုအပ်ကြောင်း ထိုင်းစက်မှုလက်မှုအသင်းချုပ်က ပြောကြား လိုက်ပါသည်။

အချို့သော ထုတ်ကုန်များမှာ စိတ်ချရမှုနှင့် ပတ်ဝန်းကျင်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသဖြင့် စစ်ဆေးရန်လိုအပ်ကြောင်း၊ တရုတ်ထုတ်ကုန်များ တင်သွင်းလာခြင်းသည် ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချသည်အထိ ထိခိုက်မှုရှိပါကြောင်း၊ အစိုးရအနေဖြင့် လုပ်ငန်းများကို ကူညီပေးရန်နှင့် ပြဿနာကို ဖြေရှင်းပေးရန် တောင်းဆို လိုပါကြောင်း အသင်းချုပ် ဥက္ကဋ္ဌ Mr. Kriengkrai Theinnukul က ပြောကြားချက်အရ သိရှိရပါသည်။

စက်မှုဝန်ကြီးဌာန ဝန်ကြီးက အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း၍ တင်သွင်းလာသော ကုန်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးရန် ထိုင်းစက်မှုစံနှုန်းများအင်စတီကျုကို ညွှန်ကြားထားပါကြောင်း၊ သို့သော် အရည်အသွေးနိမ့်သော ထုတ်ကုန်များ ထိုင်းနိုင်ငံတွင်းသို့ တင်သွင်းနေဆဲဖြစ်‌ကြောင်း၊ ထိုင်းထုတ်လုပ်သူများက ဈေးနှုန်းနည်းနည်းဖြင့်‌ရောင်းချသော တရုတ်ထုတ်လုပ်သူများကို မယှဉ်ပြိုင်နိုင်သဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုကို လျှော့ချရန် လိုအပ်ကြောင်း၊ အချို့သော လုပ်ငန်းရှင်များက ၎င်းတို့စက်ရုံများကို ယာယီပိတ်သိမ်း၍ တရုတ်ကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသူများအဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ကြပါကြောင်း Mr. Kriengkrai က ဖြည့်စွက်ပြောကြားခဲ့သည်။

တန်ဖိုးနည်းထုတ်ကုန်များ အဆက်မပြတ်တင်သွင်းနေမည်ဆိုပါက ပြည်တွင်း‌ထောက်ပံ့မှု ကွင်းဆက်ကို ထိခိုက်နိုင်ကြောင်း၊ ဈေးနှုန်းနိမ့် တရုတ်ပစ္စည်းများကြောင့် သံမဏိ၊ အလူမီနီယမ်၊ ပလတ် စတစ်၊ ကြွေထည်ပစ္စည်းများ၊ ရေနံဓာတုပစ္စည်းများနှင့် ဆေးဝါးစသည့် ကဏ္ဍ ၂၀ တွင် ထိခိုက်မှုရှိပါကြောင်း၊ အစိုးရ၏ ထုတ်ကုန်သက်သေခံသည့် လုပ်ငန်းစဉ်များ တိုးတက်မှုမရှိပါက တင်သွင်းမှု ပမာဏသည် မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားပါသည်။

အိန္ဒိယအကြီးဆုံးသံမဏိ ထုတ်လုပ်သူ Tata Steel Thailand Plc (TSTH) က ထိုင်းသံမဏိ ထုတ်စက်ရုံ၏ ထုတ်လုပ်မှုပမာဏသည် လျော့ကျလျက်ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံ၏ စီးပွားရေးပြန်လည်ကောင်းမွန်မှု နှေးကွေးနေခြင်းနှင့် တရုတ်မှ တန်ဖိုးနည်းသံမဏိများ တင်သွင်းနေမှုတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

တရုတ်နိုင်ငံထုတ် အရည်အသွေးနိမ့်ပစ္စည်းများ တင်သွင်းလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍ ၂၀ တွင် ထိခိုက်မှုများရှိနေသဖြင့် အစိုးရ၏ ပိုမိုကောင်း မွန်သော အကာအကွယ်ပေးမှု အလျင်အမြန်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkokpost.gov

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand