China(Nanning)

တရုတ်အကောက်ခွန်အာဏာပိုင်များသည် စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေရန် အစီအမံ (၁၆) ခုကို ချမှတ်ခဲ့

Last Updated:

တရုတ်အကောက်ခွန်အာဏာပိုင်များသည် နိုင်ငံ၏စီးပွားရေးပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်စေရေး ဆောင်ရွက်ရန် အစီအမံ(၁၆)ခုကို ချမှတ်ခဲ့သည်ဟု (၁၃-၆-၂၀၂၃) ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစီအမံများသည် လူမှုမျှော်မှန်းချက်များကို တည်ငြိမ်စေပြီး နိုင်ငံခြားကုန်သွယ်မှုတွင်ယုံကြည်မှုတိုးလာစေမည်ဖြစ်ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs -GAC) ၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးကို မြှင့်တင်ရန်၊ ခေတ်မီနည်းပညာသုံး စက်ကိရိယာများနှင့် အထူးပစ္စည်းများ တင်သွင်းမှုကို ပံ့ပိုးကူညီရန်၊ အရေးကြီးသော စိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းတင်ပို့မှုကို မြှင့်တင်ရန်၊ ပို့ကုန်ခွန် ပြန်အမ်းခြင်းကို အဆင်ပြေချောမွေ့စေရန်၊ ကုန်သွယ်မှုလုပ်ငန်းစဉ်များကို အဆင့်မြှင့်ရန်နှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ကြီးကြပ်ခြင်းကို အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်နေကြောင်း GAC မှ အရာရှိ Wu Haiping ၏ ပြောကြားချက်အရ သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏကို စံချိန်တင်မြင့်မားလာစေရန် ခိုင်မာသည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံခြားကုန်သွယ်မှုကို တည်ငြိမ် စေရန်အတွက် အစီအမံ (၂၃) ခုကို စတင်ဆောင်ရွက်ခဲ့သည်ဟု GAC အရာရှိက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နောက်တစ်ဆင့်အနေဖြင့် GAC သည် အစီအမံအသစ် (၁၆)ခုကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ အကောက်ခွန်ရုံးများအား ပံ့ပိုးကူညီမှုအစီအမံများကို စတင် ဆောင်ရွက်နိုင်ရေးတိုက်တွန်းရန်၊ စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသောအခက်အခဲများအတွက် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ရန်၊ မူဝါဒများကို အကောင် အထည်ဖော်ရန်နှင့် မူဝါဒများနှင့်ပတ်သက်၍ အကြံပြုချက်များပြန်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source:https://english.news.cn/20230614/df0f8b4f6ab747619a0c1e62d1851a79/c.html 

(စီးပွားရေးသံမှူး၊ နန်နင်း)

Category: China(Nanning)