China (HongKong)

၂၀၂၃ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ဟောင်ကောင်ဒေသအစိုးရပြင်ဆင်

Last Updated:

ကမ္ဘာတစ်ဝန်း ကုန်သွယ်မှု ကျဆင်းနေခြင်းသည် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှု အပေါ်သက်ရောက်နေမည် ဖြစ်ခြင်းကြောင့် ဟောင်ကောင်ဒေသအစိုးရမှ ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ၄ နှင့် ၅ ရာခိုင်နှုန်းအကြားသို့ ပြင်ဆင်ခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် South China Morning Post သတင်းဌာနမှ “Hong Kong revises city’s full-year economic forecast to 4-5 per cent growth as weakened global environment weighs on exports” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ပြီးခဲ့သည့် နွေရာသီတွင် ဟောင်ကောင်ဒေသို့ ခရီးသွားအများအပြား ပြန်လည်ဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာခြင်းနှင့် တဦးချင်းသုံးစွဲမှုများကြောင့် ၂၀၂၃ ခုနှစ် ဒုတိယ ၃ လပတ်တွင် စီးပွားရေးတိုးတက်မှု ၁.၅ ရာခိုင်နှုန်းရှိခဲ့သည်ဟု  ဟောင်ကောင်ဒေသ အစိုးရက ဩဂုတ်လ ၁၁ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သို့သော် ၂.၉ ရာခိုင်နှုန်းတိုးတက်ခဲ့သည့် ပထမသုံးလပတ်၏ တိုးတက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက ဒုတိယသုံးလပတ် စီးပွားရေးတိုးတက်မှုမှာ တဖြည်းဖြည်းကျဆင်းလာပါသည်။ ယခင်ခန့်မှန်းချက်တွင် ဒေသ၏ ဂျီဒီပီ တိုးတက်မှု ၃.၅ ရာခိုင်နှုန်း နှင့် ၅.၅ ရာခိုင်နှုန်းအကြားတွင် ရှိမည်ဟု ဟောင်ကောင်ဒေသအစိုးရမှ ခန့်မှန်းထားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခုနှစ်ပထမသုံးလပတ်တွင် ရရှိခဲ့သည့်ရလဒ်များကြောင့် စီးပွားတိုးတက်မှု ခန့်မှန်းချက်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊  ကုန်သွယ်မှုကဏ္ဍမှာ ဟောင်ကောင်ဒေသ စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတားဖြစ်နေကြောင်း၊ ဒုတိယသုံးလပတ်တွင် ကုန်စည်တင်ပို့ရောင်းချမှုအနေဖြင့် ယခင်နှစ်ကထက်အလားတူ ကာလထက် ၁၅.၂ ရာခိုင်နှုန်းနှင့် သွင်းကုန်တင်သွင်းမှုမှာ ၁၆.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အတိုးနှုန်းမြင့်မားနေခြင်းကြောင့် ရင်းနှီးငွေရရှိရေး ဆောင်ရွက်ချက်များမှာလည်း ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အစိုးရ၏ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ Adolph Leung Wing-sing ကပြောကြားခဲ့ပါသည်။  ၂၀၂၂ ခုနှစ် ဟောင်ကောင်ဒေသ၏ ဂျီဒီပီ တိုးတက်မှုမှာ ၂၀၂၁ ခုနှစ် နှင့်နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသစီးပွားရေးအခြေအနေမှာ နာလံထူသည့် အခြေအနေတွင် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ဟောင်ကောင်ဒေသ၏ ပြင်ပကုန်သွယ်မှုမှာ ဆက်လက်ကျဆင်းနေသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမှာလည်းကျဆင်းလျက်ရှိပါကြောင်း၊  ဂျီဒီပီ တိုးတက်မှုနှုန်းအနေဖြင့် ဒုတိယသုံးလပတ်တွင် ၁.၃ ရာခိုင်နှုန်း ကျဆင်းသော်လည်း ၂၀၂၃ ခုနှစ်အတွက် ဒေသ၏ စီးပွားတိုးတက်မှုကို ခရီးသွားလုပ်ငန်းနှင့် တဦးချင်းသုံးစွဲမှုများမှ တွန်းကန်ပေးထားသည့် အနေအထားဖြစ်ပါသည်။ အလုပ်သား ဈေးကွက်အခြေအနေ တိုးတက်လာမှုသည် တဦးချင်းသုံးစွဲမှုကို အထောက်အကူပြုနေပါကြောင်း ဟောင်ကောင်ဒေသ၏ လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေကို လေ့လာတင်ပြအပ်ပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)