USA

ဩဂုတ်လအတွင်း ဓာတ်ဆီဈေးနှုန်းမြင့်တက်ခဲ့သဖြင့် အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု မြင့်တက်လာခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ဓာတ်ဆီဈေးနှုန်းမြင့်တက်ခဲ့သဖြင့် အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု မြင့်တက်လာခဲ့ကြောင်းကို ၁၃-၉-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်း သတင်း၌ “U.S. Inflation Accelerated in August as Gasoline Prices Jumped” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

ဩဂုတ်လအတွင်း ဓာတ်ဆီဈေးနှုန်းမြင့်တက်ခဲ့သဖြင့် အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်အနေဖြင့် ဘဏ်အတိုးနှုန်းကို လမ်းကြောင်းမှန်တွင်  ဆက်လက်ထိန်းထားနိုင်မည်ဟု ယူဆရကြောင်း၊ စားသုံးသူဈေးဆနှုန်း (Consumer Price Index – CPI) သည် ဩဂုတ်လတွင် ဇူလိုင်လထက် (၀.၆) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ နှစ်အလိုက် ဈေးနှုန်းသည် ဇူလိုင်လတွင် (၃.၂) ရာခိုင်နှုန်းရှိရာမှ ဩဂုတ်လတွင် (၃.၇) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါကြောင်း၊ နှစ်အလိုက် Core Inflation မှာ ဇူလိုင်လတွင် (၄.၇) ရာခိုင်နှုန်းမှ ဩဂုတ်လတွင် (၄.၃) ရာခိုင်နှုန်းသို့လျော့ကျခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာလ တတိယရက်သတ္တပတ်အတွင်း ကျင်းပမည့် အစည်းအဝေးတွင် ဗဟိုဘဏ်အတိုးနှုန်းကို ယခင်အတိုင်း ဆက်လက် ထားရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ လာမည့်လများတွင် ငွေကြေး ဖောင်းပွမှုတိုးလာမှု ရှိမရှိအပေါ်မူတည်၍ ဗဟိုဘဏ်အနေဖြင့် နိုဝင်ဘာလ (သို့မဟုတ်) ဒီဇင်ဘာလအတွင်း အတိုးနှုန်း ထပ်မံတိုးမြှင့်မည့်အခြေအနေကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဇွန်လတွင်း ဓာတ်ဆီဈေးနှုန်းလျော့ကျခဲ့မှုကို ဆက်လက်ထိန်းထားနိုင်မှု ရှိ/မရှိသည် အရေးကြီးသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း နှေးကွေးသွားသည်ဟု ကြေညာရန် အစိုးရအရာရှိ များက တွန့်ဆုတ်လျက်ရှိကြပါကြောင်း၊ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်တွင် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ခြင်းသည် ငွေကြေးဖောင်းပွမှု ထပ်မံအရှိန်မြင့်တက်မှုမရှိစေရန် ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊  Core CPI သည် ယခင် (၃) လပတ်တွင် နှစ်စဉ်တိုးနှုန်းထက် (၂.၄) ရာခိုင်နှုန်းတိုးလာခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဒုတိယ (၃) လပတ်တိုးနှုန်းဖြစ်သည့် (၅) ရာခိုင်နှုန်းအောက် လျော့ကျခဲ့ ပါကြောင်းဖော်ပြထားပါသည်။

ငွေကြေးဆောင်းပွမှု တည်ငြိမ်လာခြင်းနှင့် အလုပ်အကိုင်ဈေးကွက် ခိုင်မာလာကြောင်းကို သတင်းခေါင်းစဉ်များအဖြစ် မြင်တွေ့ကြရသော်လည်း ဓာတ်ဆီဈေးနှုန်းနှင့် စားသောက်ကုန် ဈေးနှုန်းမှာ စိတ်ပူပန်စရာတစ်ခုအဖြစ် ဆက်လက်ရှိနေပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း စားသောက်ကုန်ဈေးနှုန်းသည် ရက်သတ္တပတ်တိုင်း အမေရိကန်ဒေါ်လာ (၅၀) ခန့် ပို၍သုံးစွဲနေရပါ ကြောင်း၊ ဇူလိုင်လရှိ ဓာတ်ဆီ ဈေးနှုန်းမှာတစ်ဂါလံလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၃.၆၀) ရှိခဲ့ရာမှ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ (၃.၈၄) အထိရှိလာခဲ့ကြောင်း၊ ဩဂုတ်လအတွင်း ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုသည် ဆော်ဒီအာရေဗျနှင့် ရုရှားတို့မှ ဓာတ်ဆီထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ခြင်းနှင့် အခြားသက်ရောက်မှုများကြောင့်ဖြစ်ပါကြောင်း၊ စွမ်းအင်နှင့် အစားအစာဈေးနှုန်းမြင့်တက်မှုသည် အမေရိကန်နိုင်ငံသားများ၏ ငွေကြေးဖောင်းပွမှုအပေါ် ၎င်းတို့၏အမြင်နှင့် အပြုအမူအပါအဝင် အလုပ်ရှင်များထံမှ ၎င်းတို့၏လုပ်ခလစာ တောင်းဆိုမှုတို့ကိုပါ သက်ရောက်မှုရှိစေကြောင်း ဖော်ပြထားပါသည်။

 

 

Source: https://www.wsj.com/economy/august-cpi-report-inflation-slowdown-85936a0a? mod=hp_lead_pos1

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA