China (Kunming)

တရုတ်နိုင်ငံ မြောက်ပိုင်းနယ်စပ်ဒေသရှိ နယ်စပ်ဂိတ်များတွင် ကုန်စည်ပို့ဆောင်မှု စံချိန်တင် မြင့်မားလျက်ရှိ

Last Updated:

မွန်ဂိုလီးယားနှင့် ရုရှားနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေသာ တရုတ်နိုင်ငံမြောက်ပိုင်း၏ ကုန်တွင်း မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စစ်ဆေးရေးဂိတ်များမှတဆင့် ကုန်စည်ပို့ဆောင်မှုပမာဏသည် ၂၀၂၃ ခုနှစ်အတွင်း တန်ချိန် သန်း (၁၀၀) ကျော်အထိ ရောက်ရှိလာပြီး နှစ်စဉ်ပို့ဆောင်ပေးလျက်ရှိသည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

အတွင်းမိုဂိုလီးယား (Inner Mongolia) နှင့် ကီလိုမီတာ ၄,၂၀၀ ကျော် ရှည်လျားသော နယ်နိမိတ်ထိစပ်မျဉ်းတစ်လျှောက်တွင် နယ်စပ်ဂိတ်စခန်း ၁၄ ခုရှိသည်။ အဆိုပါဂိတ်စခန်းများသည် တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားအကြား ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၏ ၉၀ ရာခိုင်နှုန်းကျော်နှင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ကုန်လမ်းသယ်ယူပို့ဆောင်ရေး၏ ၆၅ ရာခိုင်နှုန်းကျော်ကို ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ နယ်စပ်စခန်းများမှတစ်ဆင့် မီးရထားဖြင့် ကုန်စည်ပို့ဆောင်မှုမှာ တန်ချိန် ၃၅ ဒသမ ၈ သန်းရှိခဲ့ပြီး ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်နိုင်မှု ပမာဏမှာ တန်ချိန် ၆၄ ဒသမ ၃ သန်းထိ ရှိခဲ့သည်။ ၎င်းတို့အနက် ရုရှားနှင့် ကုန်သွယ်မှုပမာဏမှာ တန်ချိန် ၂၁ ဒသမ ၄ သန်း ရှိခဲ့ပြီး မွန်ဂိုလီးယားနှင့် ကုန်သွယ်မှုမှာ တန်ချိန် ၇၈ ဒသမ ၇ သန်းခန့် ရှိခဲ့သည်။

ဒေသဆိုင်ရာ အစိုးရအနေဖြင့် ကုန်းတွင်းဂိတ်စခန်းများ အထူးသဖြင့် Manzhouli နှင့် Erenhot ကဲ့သို့သော အဓိက ဂိတ်စခန်းများတွင် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ဆောင်ရွက်မှုတွင် ပံ့ပိုးကူညီသွားရန် ကတိပြုထားကြောင်း သိရှိရသည်။ ကုန်တွင်းဆိပ်ကမ်းများမှတစ်ဆင့် တရုတ်-ဥရောပ ရထားဖြင့် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုသည် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ်ရန်အတွက် ပိုမိုအဆင်ပြေသည့် လမ်းကြောင်းများကို ပံ့ပိုးလျက်ရှိပြီး မွန်ဂိုလီးယားဒေသအတွင်း ကုန်စည်ပို့ဆောင်ရေးတိုးတက်မှုအတွက် ခိုင်မာသော တွန်းအားတစ်ခုဖြစ်လာခဲ့သည်။

အကောက်ခွန် သတင်းအချက်အလက်များအရ Manzhouli စခန်းကိုဖြတ်၍ တရုတ်-ဥရောပ ရထားဖြင့် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လမ်းကြောင်း ၅၇ လိုင်းနှင့် Erenhot စခန်းမှတစ်ဆင့် လမ်းကြောင်း ၆၃ လိုင်းရှိကြောင်း သိရှိရသည်။ အဆိုပါလမ်းကြောင်းများ ပေါင်းစပ်မှုသည် တရုတ်-ဥရောပ ကုန်တင်ရထားလိုင်း စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ချိတ်ဆက်ထားနိုင်သည်။ ယခုနှစ် ပထမ ၁၁ လအတွင်း တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထား၏အကြိမ်ရေ (၇,၇၀၈) ကြိမ်သည် အတွင်းမွန်ဂိုလီးယားရှိ ကုန်းတွင်ဂိတ်စခန်းများကို ဖြတ်သန်းနိုင်ခဲ့သဖြင့် အရေအတွက်အားဖြင့် တစ်နှစ်ထက်တစ်နှစ် ၁၄ ဒသမ ၈ ရာခိုင် နှုန်းအထိ မြှင့်တက်လာခဲ့သည်။

သုံးသပ်တင်ပြချက်

အတွင်းမွန်ဂိုလီယားအနေဖြင့် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး၏ Transit Trade တစ်ဆင့်ခံ ကုန်သွယ်မှုကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဖြတ်ကျော် ကုန်လမ်းနှင့် ရထားလမ်း ပို့ဆောင်ရေးစနစ်များကို ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ယင်းအပြင် နယ်စပ်ကုန်သွယ်ရေး ဖွံဖြိုးရေးအတွက် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ဆောင်ရွက်မှုကို ဒေသဆိုင်ရာအစိုးရများအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ နောင်တစ်ချိန်တွင် တရုတ်နှင့် ဥရောပနိုင်ငံများအကြား ကုန်သွယ်ရေးသည် ပိုမိုဖွံ့ဖြိုးလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

 

အရင်းမြစ်။ http://en.people.cn/n3/2023/1211/c90000-20108503.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့)

Category: China (Kunming)