China (HongKong)

Asian Financial Forum သို့ ကိုယ်စားလှယ် ၃၀၀၀ ခန့် တက်ရောက်နိုင်

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ပြုလုပ်သွားမည့် Asian Financial Forum – AFF သို့ အရှေ့ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်းမှ ဦးဆောင်သူ ၃၀၀၀ ခန့် ပါဝင်တက်ရောက်၍ အာရှဒေသ၏ macroeconomic အခင်းအကျင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဟု မျှော်မှန်းကြောင်း RTHK သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် “Asian Financial Forum to attract 3,000 elites” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

“Multilateral Cooperation for a Shared Tomorrow” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့် (၁၇) ကြိမ်မြောက် Asian Financial Forum တွင် အာရှဒေသ စီးပွားရေးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခုနှစ်အတွင်း အာဆီယံအဖွဲ့ဝင် (၆) နိုင်ငံအနေဖြင့် ၄.၇ ရာခိုင်နှုန်းခန့်၊ တရုတ်ပြည်မအနေဖြင့် ၄.၉ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းချက်တို့နှင့်အတူ အာရှဒေသသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် မောင်နှင်အားအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံသည်လည်း ၂၀၂၄ ခုနှစ်တွင်ကမ္ဘာ့စီးပွားရေးတိုးတက်မှုအမြန်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာရန် မျှော်လင့်သည်ဟု HSBC Hong Kong ၏ CEO နှင့်  AFF Steering Committee ၏ ဥက္ကဋ္ဌဖြစ်သူ Luanne Lim က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အတိုးနှုန်းမြှင့်တင်မှု၊ fintech ၊ green finance ၊ sustainability တို့နှင့်စပ်လျဉ်း၍ AFF ၌ ဆွေးနွေးမည့် ခေါင်းစဉ်များတွင် အရှေ့အလယ်ပိုင်းနှင့် အာဆီယံဈေးကွက်များကို အဓိက ဦးတည်ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးကောင်စီ၏ လက်ထောက်အမှုဆောင်ဒါရိုက်တာဖြစ်သူ Patrick Lau က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် ကမ္ဘာတစ်လွှားမှ ရင်းနှီးမြှုပ်နှံသူများအတွက် ယဉ်ပြိုင်နိုင်စွမ်းရှိနေဆဲဖြစ်ပြီး၊ ဖိုရမ်သို့ တက်ရောက်လာမည့် ကိုယ်စားလှယ် သုံးပုံနှစ်ပုံမှာ တရုတ်ပြည်မ၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ဥရောပဒေသတို့မှ လာရောက်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဆွေးနွေပြောကြားသူများတွင် နိုဗယ်လ်ဆုရှင်တစ်ဦးဖြစ်သည် UN Sustainable Development Solutions Network ဥက္ကဋ္ဌ၊ ကာတာ၊ ထိုင်း၊ အီဂျစ်နှင့် ခရိုအေးရှားနိုင်ငံတို့မှ ဘဏ္ဍာရေးဝန်ကြီးများ ပါဝင်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများဆွေးနွေးပွဲအနေဖြင့် ရင်းနှီးမြှုပ်နှံသူ ၂၀၀ ခန့်မှ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၀၀ အတွက် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဟောင်ကောင်ဒေသ၏ ဦးစားပေးဈေးကွက်များအနက် တစ်ခုဖြစ်သည့် အာဆီယံဒေသနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ Asian Financial Forum ဆွေးနွေးမှုများတွင် အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဈေးကွက်ဆိုင်ရာ ဆွေးနွေးမှုများ အဓိကဦးတည်လုပ်ဆောင်သွားခြင်းဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်နိုင်ရုံသာမက ဟောင်ကောင်ဒေသ၏ အခန်းကဏ္ဍဖြစ်သည့် တရုတ်ပြည်မနှင့် ကမ္ဘာတစ်လွှား ချိတ်ဆက်ပေးသည့် super connector နှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဗဟိုချက်ဖြစ်မှုတို့ကို ပိုမိုခိုင်မာစေမည်ဖြစ်ပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)