Japan

ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ် ကာလတွင် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

  ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်ကာလဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအထိနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလမှ ဒီဇင်ဘာလတွင် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ရုံး၏ ၁၅-၂-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြခဲ့ပါသည်။

   အဆိုပါ သတင်းတွင် ဂျပန်ဈေးကွက်သုတေသနအဖွဲ့တစ်ခုဖြစ်သည့် QUICK အဖွဲ့အနေ ဖြင့် စီးပွားရေးပညာရှင်များအား စစ်တမ်းကောက်ယူခဲ့ရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ယခင် ၃ လပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၁.၁ ရာခိုင်နှုန်းကျဆင်းနိုင်သည်ဟု ခန့်မှန်းခဲ့ကြကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ် ကာလနှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ် ကာလ ဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှုန်းမှာ ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လပတ်ကာလတွင်  ဂျပန်နိုင်ငံ၏ နှစ်စဉ် ပုဂ္ဂလိက သုံးစွဲနိုင်မှုမှာ ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ အဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ၁.၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်း ဝယ်လိုအားနှင့် အိမ်ထောင်စုများ၏ သုံးစွဲနိုင်စွမ်းမှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိတွင် ဂျပန်နိုင်ငံ၏ Nominal GDP မှာ ယန်း ၅၉၅.၁၈၅ ထရီလီယံ ရှိခဲ့ကြောင်း တွေ့ရှိရပြီး ယခင်နှစ် အလားတူကာလတွင် ယန်း ၅၆၄.၅၆၆ ထရီလီယံရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ယန်းငွေဖြင့် ကြည့်မည်  ဆိုပါက ဂျပန်နိုင်ငံ၏ GDP မှာ တိုးတက်လာသော်လည်း အမေရိကန်ဒေါ်လာဖြင့် တွက်ချက်မည် ဆိုပါက ငွေကြေးတန်ဖိုး ကျဆင်းခဲ့မှုကြောင့် GDP ကျဆင်းခဲ့သည်ကို သုံးသပ်ရပါသည်။

 

 

 

 

Source: The Nikkei Asia 

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan