USA

တရုတ်နိုင်ငံထုတ်ကုန်စည်များကို သမ္မတဂျိုးဘိုင်ဒင်အစိုးရက အကောက်ခွန်နှုန်း တိုးမြှင့်သတ်မှတ် ခဲ့ခြင်းအပေါ် အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များက ဝေဖန်ခဲ့

Last Updated:

တရုတ်နိုင်ငံထုတ်ကုန်စည်များကို သမ္မတဂျိုးဘိုင်ဒင်အစိုးရက အကောက်ခွန်နှုန်း တိုးမြှင့်သတ် မှတ်ခဲ့ခြင်းအပေါ် အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များက ဝေဖန်ခဲ့ကြကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၁၄-၅-၂၀၂၄ ရက်၌ “Import Groups Decry Higher U.S. Tariffs on China-Made Goods” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

သွင်းကုန်လုပ်ငန်းရှင်များကို ကိုယ်စားပြုသည့် ကုန်သွယ်ရေးအဖွဲ့က သမ္မတဂျိုးဘိုင်ဒင်၏ တရုတ်နိုင်ငံထုတ်ကုန်စည်များအပေါ် အကောက်ခွန်နှုန်း တိုးမြှင့်သတ်မှတ်ခြင်းသည် စားသုံးသူများအတွက် ဈေးနှုန်းမြင့်မားစေပြီး ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် (Supply Chain) တစ်လျှောက်ရှိ ကုန်ကျစရိတ်များ တိုးလာနိုင်ကြောင်း၊ ဝါရှင်တန်မြို့အခြေစိုက် Retail Industry Leaders Association ၏ နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms. Blake Harden က အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းသည် မဟာဗျူဟာကျသည့် လုပ်ရပ်မဟုတ်ဘဲ အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေကြောင်း၊ National Retail Federation ၏ ဒုတိယဥက္ကဋ္ဌ Mr. David French ကလည်း အမေရိကန်နိုင်ငံသား စားသုံးသူများအနေဖြင့် ငွေကြေးဖောင်းပွမှုနှင့် ကြုံတွေ့နေရသည့်အချိန်တွင် အစိုးရအနေဖြင့် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းကြောင့် ယင်းတိုးမြှင့်လိုက်သည့် အကောက် ခွန်နှုန်းကို နောက်ဆုံးတွင် အမေရိကန်စားသုံးသူများနှင့် သွင်းကုန်လုပ်ငန်းရှင်များက ကျခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

သမ္မတဂျိုးဘိုင်ဒင်သည် ၁၄-၅-၂၀၂၄ ရက်တွင် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများဖြစ်သည့် လျှပ်စစ်မော်တော် ယာဉ် (EV) ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductors) ၊ သံမဏိ ၊ အလူမီနီယံနှင့် ကျန်းမာရေးအသုံးအဆောင် ပစ္စည်းများအပေါ် အကောက်ခွန်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ သမ္မတအိမ်ဖြူတော်ကလည်း ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်ရှိ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သမ္မတဒေါ်နယ်ထရမ့်လက်ထက်က သတ်မှတ်ခဲ့သည့် အကောက်ခွန်နှုန်းထားကို ဆက်လက်ကောက်ခံသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အကောက်ခွန်နှုန်း တိုးမြှင့်သတ်မှတ်ခြင်းသည် တရုတ်နိုင်ငံ၏ အလွန်အမင်းများပြားလာသည့် ပို့ကုန်များကြောင့် ကမ္ဘာ့ဈေးကွက်အပေါ် သက်ရောက်မှုကို လျှော့ချရန်ရည်ရွယ်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် အနီးအနားရှိနိုင်ငံများနှင့် ဦးစားပေးကုန်သွယ်မှုပြုလုပ်ခြင်းတို့ အပါအဝင် လက်ရှိကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်ကို ပုံစံပြောင်းလဲရန်ဖြစ်ကြောင်း၊ သို့ရာတွင် အကောက်ခွန်မြင့်မားမှုကို ရှောင်ရှားရန်အတွက် ကုန် ထုတ်လုပ်မှုကို တရုတ်နိုင်ငံမှ မက္ကဆီကိုကဲ့သို့သော နိုင်ငံများသို့ ပြောင်းလဲထုတ်လုပ်လာကြကြောင်း၊ ထို့ကြောင့် မက္ကဆီကို၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ စက်မှုလုပ်ငန်းများ တိုးလာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ထုတ်ပြန်သည့်  အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တရုတ်ပို့ကုန် (၁.၅) ရာခိုင်နှုန်း တိုးလာခဲ့ပြီး၊ အမေရိကန်နိုင်ငံသို့ ပို့ကုန် (၁) ရာခိုင်နှုန်းနှင့် ဥရောပနိုင်ငံများသို့ပို့ကုန် (၄.၈) ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း၊ သို့ရာတွင် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့သည့် တရုတ်ပို့ကုန်သည် ပထမသုံးလပတ်တွင် (၆.၃) ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://www.wsj.com/articles/import-groups-decry-higher-u-s-tariffs-on-china-made-goods-4d509623?mod=economy_lead_pos4

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA