China(Nanning)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ ပထမ (၄) လအတွင်း (၅.၇) ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းပို့ကုန်နှင့် သွင်းကုန်ပမာဏသည် (၅.၇) ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် (၁၃.၈၁) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၁ ထရီလီယံ) ရှိခဲ့သည်ဟု အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် (၄.၉) ရာခိုင်နှုန်း တိုးလာပြီး ယွမ် (၇.၈၁) ထရီလီယံရှိခဲ့ကြောင်း၊ သွင်းကုန်သည် (၆.၈) ရာခိုင်နှုန်းတိုးလာပြီး ယွမ် (၆) ထရီလီယံအထိ တိုးလာကြောင်း သိရှိရပါသည်။

ယင်းအချက်အလက်များအရ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် နိုင်ငံခြားကုန်သွယ်မှုကို အရှိန်မြှင့်တင်ရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ပုဂ္ဂလိကလုပ်ငန်းများသည် စုစုပေါင်းကုန်သွယ်မှု၏ (၅၄.၆) ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် (၂.၅) ရာခိုင်နှုန်း မြင့်တက်လာကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့် (၂၉.၁) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ပထမလေးလတွင် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော အာဆီယံနှင့် ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် (၈.၅) ရာခိုင် နှုန်း မြင့်တက်ခဲ့ပြီး ယွမ်ငွေ (၂.၁၈) ထရီလီယံ သို့ရောက်ရှိခဲ့ကာ တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး၏ (၁၅.၈) ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရှိရပါသည်။

တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သော အမေရိကန်နှင့် ကုန်စည်ကုန်သွယ်မှုသည် အဆိုပါကာလအတွင်း (၁.၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် (၁.၄၇) ထရီလီယံထိ ရောက်ရှိလာကြောင်း၊ သို့သော်ဒုတိယအကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်ဖြစ်သည့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် (၁.၈) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ ဧပြီလအတွင်း တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုတွင် စက်ပစ္စည်းနှင့် အီလက်ထရောနစ်ထုတ်ကုန်များ တင်ပို့မှု အားကောင်းလာကာ နိုင်ငံ၏ စုစုပေါင်းတင်ပို့မှု၏ (၆၀) ရာခိုင်နှုန်းနီးပါးအထိ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

အထူးသဖြင့် အလိုအလျောက်ဒေတာ စီမံဆောင်ရွက်ပေးသည့် စက်ကိရိယာများ၊ integrated circuits နှင့် မော်တော်ယာဉ်များ၏ ပို့ကုန်တန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ် (၉.၇) ရာခိုင်နှုန်း၊ (၂၃.၅) ရာခိုင်နှုန်းနှင့် (၂၄.၉) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://www.chinadaily.com.cn/a/202405/09/WS663c3f5fa31082fc043c626e. html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)