Korea

တောင်ကိုရီးယားနိုင်ငံသုံးဝမ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁၂၀၀ ဝမ် ဝန်းကျင်တွင်သာ ရှိနေနိုင်ဦးမည်

Last Updated:

 

အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်က ပြည်တွင်းငွေကြေးဖောင်းပွနှုန်းကို လျှော့ချရန်ရည်ရွယ်၍ ချေးငွေများအတွက် ကောက်ခံသည့် အတိုးနှုန်းများ မြှင့်တင်ခြင်းကို ၁၅ လ  ဆက်တိုက်မြှင့်တင်ခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ မေလတွင် ပြည်တွင်းငွေကြေးဖောင်းပွနှုန်းသည် ၄ ရာခိုင်နှုန်း (၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ၉.၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။) သာ ရှိတော့သဖြင့် အတိုးနှုန်းဆက်လက် မြှင့် တင်နေမှုကို ခေတ္တရပ်တန့်လိုက်ပြီး လက်ရှိအတိုးနှုန်းဖြစ်သည့် ၅.၂၅ ရာခိုင်နှုန်း (ယခင်က ၅ ရာ ခိုင်နှုန်းသာ ရှိခဲ့ပါသည်။) ကိုသာ ဆက်လက်ထိမ်းသိမ်းထားရှိသွားမည်ဟု ၂၀၂၃ ခုနှစ်၊ဇွန်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က ပြည်တွင်းငွေကြေးဖောင်းပွနှုန်းကို ၂ ရာခိုင်နှုန်းတွင်သာ ရှိနေစေရန်ရည်မှန်းထားပြီး ဈေးကွက်အခြေအနေနှင့် စီးပွားရေးဆိုင်ရာ အချက် အလက်များကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသွားကာ အတိုးနှုန်းမြှင့်တင်သင့်/မသင့်ကို ဆုံးဖြတ်သွားမည်ဟု ထုတ်ပြန်ထားပါသည်။ သို့ဖြစ်၍ အမေရိကန်ဒေါ်လာတန်ဖိုးနှင့် အမေရိကန်ဒေါ်လာ ညွှန်းကိန်းတန်ဖိုးများ ကျဆင်းလာခဲ့ပါသည်။ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းသည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ ဝမ်ငွေတန်ဖိုးသည်လည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှစတင်၍ တန်ဖိုးမြင့်မားလာပြီး တစ်ဒေါ်လာလျှင် ၁၂၀၀ ဝမ် ဝန်းကျင်တန်းတွင်သာ ရှိနေခဲ့ပါသည်။၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တောင်ကိုရီးယားဝမ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁၂၈၀.၅ ဝမ်ဖြင့် ဈေးကွက်ပိတ်ခဲ့ပါသည်။ ဆက်လက်၍လည်း တောင်ကိုရီးယား ဝမ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁၂၀၀ ဝမ်အောက် (သို့မဟုတ်) ၁၂၀၀ ဝမ် ပတ်ချာလည် ဝန်းကျင်တွင်သာ ရှိနေနိုင်သည်ဟု လက်ငင်းနှင့်ကြိုပွိုင့် ကုန်စည်များအရောင်း၊ အဝယ်စာချုပ်များ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ဈေးကွက်အခြေအနေများ လေ့လာသုံးသပ်အကြံပေးခြင်းများ ဆောင်ရွက်ပေးနေသည့် တောင်ကိုရီးယားရှိ NH Futures မှ သုတေသီ Kim Seung-hyuk က ပြောကြားပါသည်။

အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဖောင်းပွနှုန်းသည် ၂၀၂၃ ခုနှစ်၊ မေလတွင် ၄ ရာခိုင်နှုန်းသို့ ရောက်ရှိကျဆင်းနေသော်လည်း  ရည်ရွယ်ထားသည့် ပန်းတိုင်ဖြစ်သည့် ၂ ရာခိုင် နှုန်းထက် မြင့်မားနေဆဲဖြစ်သည့်အတွက် အတိုးနှုန်းကိုထပ်မံမြှင့်တင်ဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်ဥက္ကဌ Jerome Powell က ပြောကြားထားပါသည်။ သို့သော် Silicon Valley Bank ပြိုလဲခဲ့မှုနှင့် အခြားသော အတိုးနှုန်းနှင့်စပ်လျဉ်းသည့် ပြဿနာများကြောင့် အတိုးနှုန်းထပ်မံမြှင့်တင်ခြင်းကို လွယ်လွယ်ကူကူဆောင်ရွက်နိုင်လိမ့်မည်မဟုတ်သည့်အတွက် တောင်ကိုရီးယားဝမ် ငွေတန်ဖိုးသည်လည်း တစ်ဒေါ်လာလျှင် ၁၂၀၀ ဝမ်ပတ်ဝန်းကျင်တွင်သာ တည်ငြိမ်နေမည်ဟု ယုံကြည်ပါကြောင်း  Korea Economic Research Institute (KERI) ရှိ စီးပွားရေးမူဝါဒအဖွဲ့ ခေါင်းဆောင် Mr.Lee Sang-ho က ပြောကြားပါသည်။

သို့သော် အမေရိကန်ပြည်ထောင်စု၏အတိုးနှုန်းသည် တောင်ကိုရီးယား၏ အတိုးနှုန်းထက် ၁.၇၅ ရာခိုင် ပိုမိုမြင့်မားနေခြင်းကြောင့် ပြည်ပသို့နိုင်ငံခြားငွေကြေးများစီးဆင်းသွားနိုင်သည်ဟု ဈေးကွက်အတွင်းစိုးရိမ်မှုများရှိနေကြပါသည်။ ၂၀၂၃ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ တောင်ကိုရီးယား၏ စတော့ရှယ်ယာများနှင့် ငွေချေးစာချုပ်များဝယ်ယူမှုသည့် အမေရိကန်ဒေါ်လာ ၁၁.၄၃ ဘီလီယံအထိ မြင့်တက်ခဲ့ရာ ၂၃ နှစ်အတွင်း အမြင့်ဆုံးပမာဏဖြစ်ပါကြောင်း တောင်ကိုရီးယားဗဟိုဘဏ်၏ စာရင်းဇယားများတွင် ဖော်ပြထားပါသည်။ ယင်းသို့ဝယ်မှု မြင့်မားလာခြင်းကလည်း တောင်ကိုရီးယားဝမ်ငွေတန်ဖိုးကို မြင့်မားစေခြင်းအကြောင်းရင်း တစ်ရပ်ဖြစ်သည်ဟု Hana Bank မှ သုတေသီ Seo Jung-hoon ကဆိုပါသည်။ အဆိုပါ အချက်များအပြင် တရုတ်နိုင်ငံ၏ မျှော်လင့်ထားသည်ထက် နှေးကွေးနေသည့်စီးပွားရေးအခြေအနေကလည်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး၊ စတော့ရှယ်ယာဈေးကွက်နှင့် ငွေကြေးဈေးကွက်ကို သက်ရောက်မှုရှိသည်ဟု တောင်ကိုရီးယားနိုင်ငံရှိ Meritz Securities Co Ltd (Meritz) မှ သုတေသီ Park Soo-yeon ကပြောကြားပါသည်။

         

Source: The Korea Times

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea