China (HongKong)

ဟောင်ကောင်ဒေသမှ ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာရန် ဆော်ဒီကြိုးပမ်း

Last Updated:

တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသမှ ရင်းနှီးမြှုပ်နှံမှုများ ဆော်ဒီအာရေဗျသို့ ပိုမိုလာရောက်ရန် ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Khalid Al-Falih က Hang Lung Properties ဥက္ကဋ္ဌ Ronnie Chan Chichung ဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံသည့် တံခါးပိတ်အစည်းအဝေးတွင် တောင်းဆိုခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ထုတ် South China Morning Post သတင်းစာတွင် “Riyadh seeks increased investments from city” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

တရုတ်နှင့်  ဆော်ဒီအာရေဗျတို့အကြား စီးပွားရေးနှင့် ပြည်သူများအချင်းချင်းဆက်ဆံမှု တိုးတက်လာရန် မျှော်လင့်ကြောင်းနှင့် ၎င်းအနေဖြင့် ဟောင်ကောင်ဒေသသို့ လာရောက်လည်ပတ်လိုကြောင်း၊ ထိုသို့ အပြန်အလှန် သွားရောက်လည်ပတ်မှု ပိုမိုလုပ်ဆောင်ခြင်းမှာ နှစ်ဘက်စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း မပြုမီ အရည်အသွေးစိစစ်မှု အသေအချာလုပ်ဆောင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ရှေ့ဆက်လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်နိုင်ရန်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ကုန်အမှတ်တံဆိပ်များ၊ နည်းပညာများပိုမိုရရှိရန်နှင့် ကမ္ဘာနှင့် တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်ဟု  တနင်္ဂနွေနေ့တွင် ရီယာ့ဒ်မြို့၌ ပြုလုပ်ခဲ့သည့် ၁၀ ကြိမ်မြောက် အာရပ် -တရုတ် စီးပွားရေးညီလာခံတွင် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးအပြင်၊ နိုင်ငံခြားရေး၊ ပတ်ဝန်းကျင်ရေးရာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီးများအနေဖြင့်လည်း တရုတ်နှင့် ဆော်ဒီအာရေဗျ တို့အကြား ယဉ်ကျေးမှုဖလှယ်ခြင်းမှ နှစ်နိုင်ငံအကြား စီမံကိန်းများတိုက်ရိုက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းအထိ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လိုကြောင်းရေး သားဖော်ပြထားပါသည်။

Al-Falih အနေဖြင့် တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသသို့ မကြာမီ သွားရောက်လည်ပတ်လိုကြောင်းနှင့် ဆော်ဒီအစိုးရအနေဖြင့် ၂၀၂၃ခုနှစ် အောက်တိုဘာလ၌ ဘေဂျင်းမြို့၌ ကျင်းပပြုလုပ်မည့် the Belt and Road Initiative (BRI) Forum သို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တက်ရောက်ရန် စီစဉ်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသကို ရပ်ဝန်းနှင့်လမ်းမဆောင်ရွက်ချက် (BRI)အတွက် အရေးပါသည့် ချိတ်ဆက်ရာဒေသဖြစ်လာစေရေးအတွက် ဟောင်ကောင်ဒေသ အစိုးရအနေဖြင့်လည်း အဆိုပါ ဖိုရမ်သို့ စီးပွားရေးလုပ်ငန်းများမှ အမှုဆောင်အရာရှိများနှင့် အရာထမ်း အများအပြားပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တက်ရောက်ရန် စီစဉ်ထားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်နှင့် ဆော်ဒီအာရေဗျတို့အကြား ယဉ်ကျေးမှုဖလှယ်မှု နည်းပါးကြောင်းနှင့် စီးပွားရေး သို့မဟုတ် အခြားဆက်ဆံရေးများ အမှန်တကယ်ဖွဲ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူအချင်းချင်း ဆက်ဆံမှု ရေရှည်စီမံကိန်းများ ချမှတ်ရန်လိုအပ်ကြောင်း ဟောင်ကောင်ဒေသ၏ Promoting and Branding လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Chan က ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်သူအချင်းချင်းဆက်ဆံမှု တည်ဆောက်နိုင်ကြောင်းနှင့် ထိုမှတစ်ဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်   သွားရမည်ဖြစ်ကြောင်း၊ ဆော်ဒီတွင် တရုတ်နိုင်ငံထုတ် အိမ်သုံးပစ္စည်းများ၊ လက်ကိုင်ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် ဖက်ရှင်တို့ ခေတ်စားကြောင်းနှင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံမှ ရထားလမ်း၊ ဆိပ်ကမ်းများ လာရောက်ရင်းနှီးမြှုပ်နှံစေလိုသည်ဟု Al-Falih က ပြောကြားခဲ့ကြောင်းရေးသား ဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)