USA

အမေရိကန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုလျော့ကျလာပြီးနောက် ဓာတ်ဆီနှင့် စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာ

Last Updated:

အမေရိကန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုလျော့ကျလာပြီးနောက် ဓာတ်ဆီနှင့် စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာကြောင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ထုတ် World Street Journal အွန်လိုင်းတွင် “After Pulling Inflation Down, Gasoline and Food Threaten to Nudge It Up” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။

အမေရိကန်နိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ငွေကြေးဖောင်းပွမှုန်း ကျဆင်းလာခဲ့သော်လည်း စွမ်းအင်ဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်း တိုးလာမည်ကို ရင်ဆိုင်ရနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြပါကြောင်း၊ ဇူလိုင်လရှိ စားသုံးသူဈေးဆနှုန်းမှာ (၀.၂) ရာခိုင်နှုန်း တိုးလာကြောင်း အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပျမ်းမျှစားသုံးသူဈေးဆနှုန်းမှာ (၁.၂) ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ်၏ နှစ်အလိုက် ပျမ်းမျှစားသုံးသူဈေးဆနှုန်းမှာ (၀.၅)  ရာခိုင်နှုန်းရှိသဖြင့် ယခုနှစ်ဇွန်လတွင် သိသာစွာကျဆင်းသွားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် ငွေကြေးဖောင်းပွမှုကျဆင်းအောင် ဆောင်ရွက်ခြင်း၏ အခြားတစ်ဘက်တွင် ဓာတ်ဆီဈေးနှုန်းကို သက်ရောက်မှုရှိစေပါကြောင်း၊ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ဓာတ်ဆီဈေးနှုန်းမြင့်တက်ခဲ့ပြီး (၁၂) လအတွင်း ငွေကြေးဖောင်းပွမှုနှုန်း (၉.၁) ရာခိုင်နှုန်းအထိ ရှိခဲ့ပါကြောင်း၊ ဓာတ်ဆီဈေးနှုန်းသည် ယခုအခါ ထပ်မံ၍မြင့်တက်လာကာ ဇူလိုင်လတွင် (၀.၂) ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါကြောင်း၊ ယခင်ရက်သတ္တပတ်အတွင်း ဓာတ်ဆီ (ရိုးရိုး) တစ်ဂါလံကို (၃.၈၄) ဒေါ်လာမှ ယခုရက်သတ္တပတ်တွင် (၄.၁၄) ဒေါ်လာရှိသဖြင့် ဆင့် (cent) ၃၀ အထိ မြင့်တက်ခဲ့ပါကြောင်း၊ ထို့ကြောင့် စားသုံးသူဈေးနှုန်းတွင် ဓာတ်ဆီဈေးနှုန်းကို ထည့်သွင်းတွက်ချက်ပါက ဩဂုတ်လတွင် (၁၀) ရာခိုင်နှုန်းကျော် မြင့်တက်လာနိုင်ပါကြောင်း၊ လစဉ်စားသုံးသူ ဈေးနှုန်းမှာ (၀.၆) ရာခိုင်နှုန်းရှိသဖြင့် (၁၂) လအတွင်း စားသုံးသူဈေးနှုန်းမှာ (၃.၆) ရာခိုင်နှုန်း အထိရှိလာနိုင်ကြောင်းကို Santander US Capital Markets မှ စီးပွားရေးပညာရှင် Mr. Stephen Stanley က ခန့်မှန်းခဲ့ပါကြောင်း၊ ဓာတ်ဆီဈေးနှုန်းသည် ရေနံဈေးနှုန်းထက် နည်းသော်လည်း တဖြည်းဖြည်း မြင့်တက်လာနိုင်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဓာတ်ဆီဈေးနှုန်း လျော့ကျခဲ့ကာ တက္ကဆက်ပြည်နယ် အနောက်ပိုင်းတွင် ယခင်ရက်သတ္တပတ်၌ ဓာတ်ဆီတစ်စည်ကို ၈၂.၈၂ ဒေါ်လာအထိရှိခဲ့ပါကြောင်း၊ ဓာတ်ဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် လေယာဉ်ခကဲ့သို့သော အခြားကုန်ကျစရိတ်များ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ 

စားသောက်ကုန်ဈေးနှုန်းသည် ၂၀၂၂ ခုနှစ်၊ နွေရာသီတွင် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ခုဖြစ်ပြီး  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ တစ်လလျှင်ပျမ်းမျှ (၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ မတ်လမှ ဇွန်လအတွင်း ပျမ်းမျှ (၀.၁) ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါကြောင်း၊ သို့ရာတွင် ဇူလိုင်လ၌ (၀.၃) ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပါကြောင်း၊ ဇွန်လမှ ဇူလိုင်လအတွင်း စားသောက်ကုန် ထုတ်လုပ်သူဈေးနှုန်း (Producer Price) မှာ (၀.၅) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါကြောင်း၊ ကုလသမဂ္ဂမှထုတ်ပြန်သည့် ကောက်ပဲသီးနှံ၊ ဟင်းသီး ဟင်းရွက်ဆီ၊ သကြား၊ အသားနှင့် နို့ထွက်ပစ္စည်းများအပါအဝင် စားရေရိက္ခာ တိုင်းတာသော စားရေရိက္ခာညွှန်းကိန်းသည် ဇွန်လမှ ဇူလိုင်လအတွင်း (၁.၃) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါကြောင်း၊ နှစ်ပေါင်း (၅၀) ခန့် တည်ငြိမ်ခဲ့သော စားသောက်ကုန်ဈေးနှုန်းသည် ၂၀၂၂ ခုနှစ်၊ မတ်လမှစ၍ မြင့်တက်ခဲ့ပြီး ယခုမြင့်တက်ခြင်းသည် (၄)လအတွင်း ဒုတိယအကြိမ် မြင့်တက်ခြင်းဖြစ်ပါကြောင်း၊  ပထဝီနိုင်ငံရေးအခြေအနေများနှင့် ရာသီဥတုပြောင်းလဲမှုက ဈေးနှုန်းမြင့်တက်မှုကို ဆက်လက်ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းနိုင်ငံ၏ ပို့ကုန်တင်ပို့ရန် သဘောတူညီချက်မှ  ရုရှားနိုင်ငံက နုတ်ထွက်လိုက်ခြင်းဖြင့် ကောက်ပဲသီးနှံဈေးနှုန်းသည် (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့(IMF)က ခန့်မှန်းကြောင်း၊ ထို့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားခြင်း၊ ရာသီဥတုအခြေအနေ၊ အယ်လ်နီညို စသည့်အကြောင်းချင်းရာတို့မှာလည်း ဈေးနှုန်းတက်ရသည့် အကြောင်းအရင်းဖြစ်ပါကြောင်း၊ ဈေးနှုန်းမြင့်မားသည့် စားသောက်ကုန်များနှင့် ဓာတ်ဆီဈေးနှုန်းများမှာ အတိုးနှုန်းတက်ရသည့် အကြောင်းအရင်း မဟုတ်သော်လည်း အမေရိကန်ဗဟိုဘဏ်အနေဖြင့် ယင်းကုန်စည်နှစ်မျိုးကို ထည့်သွင်းတွက်ချက်ခြင်း မပြုလုပ်သော Core Inflation အပေါ်အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီအိုရီအရ လုပ်ခတိုးမြှင့်တောင်းခံခြင်းဖြင့် ငွေကြေးဖောင်းပွမှုဖြစ်စေနိုင်သည့် ဖိအားများကို ဖြစ်ပေါ်စေကြောင်း၊ မကြာသေးမီကာလတွင် အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရန် ဆန္ဒထုတ်ဖော်ခြင်းမှာ လုပ်ခလစာနှင့် ဈေးနှုန်းမြင့်တက်ခြင်းတို့သည် ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည့် အကြောင်းရင်း တစ်ခုအဖြစ် ဥပမာပြနိုင်ပါကြောင်းဖြင့် ဖော်ပြထားကြောင်း သိရှိရပါသည်။

တင်ပြချက်

အမေရိကန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန်အတွက် အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းများတိုးမြှင့်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ စားသုံးကုန်စည်နှင့် ဓာတ်ဆီဈေးနှုန်း မြင့်တက်ခြင်းတို့ကိုလည်း ဖြစ်ပေါ်လျက်ရှိပြီး အကယ်၍ လုပ်ခနှင့်ဈေးနှုန်း မြင့်တက်ခြင်းတို့မှတစ်ဆင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေပါက အမေရိကန်ဗဟိုဘဏ်အတွက် ထပ်မံ၍ ဖြေရှင်းရန်လိုအပ်သည့် ကိစ္စရပ်တစ်ခုဖြစ်နိုင်ပါကြောင်းဖြင့် သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA