China (HongKong)

အမေရိကန်၊ ဟန်ဂေရီ၊ နယ်သာလန်၊ ဒိန်းမတ်နိုင်ငံတို့မှ ကြက်သားနှင့် မွေးမြူရေးထုတ်ကုန်များ ဟောင်ကောင်ဒေသသို့ တင်သွင်းခွင့်ရပ်ဆိုင်း

Last Updated:

ပြင်းထန်သော H5N1 ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေမှုကြောင့် အမေရိကန်နိုင်ငံ ဒေသအချို့၊ ဟန်ဂေရီနိုင်ငံမှ Csongrád-Csanád ခရိုင်၊  Bács-Kiskun ခရိုင်နှင့်  Borsod-Abaúj-Zemplén ခရိုင်၊ နယ်သာလန်နိုင်ငံ၊ Utrecht ပြည်နယ်၊ ဒိန်းမတ်နိုင်ငံ၊  Varde ဒေသတို့မှ ကြက်သားနှင့် အခြားထုတ်ကုန်များ ဟောင်ကောင်သို့ တင်သွင်းခွင့်ကို ရပ်ဆိုင်းလိုက်ကြောင်း ဟောင်ကောင်ဒေသအစိုးရ အစားအစာအန္တရာယ်ကင်းရှင်းရေးဗဟိုဌာန (CFS) မှ ထုတ်ပြန်ချက်များတွင် ဖော်ပြထားပါသည်။

အဆိုပါ တင်သွင်းခွင့် ရပ်ဆိုင်းခြင်းများသည် ချက်ချင်း အာဏာသက်ဝင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရ အစားအစာအန္တရာယ်ကင်းရှင်းရေးဗဟိုဌာနမှ ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံမှ အေးခဲကြက်သား ၂၁,၄၇၀ တန်နှင့် ကြက်ဥ ၅၇.၁၁ သန်း၊ ဟန်ဂေရီနိုင်ငံမှ ကြက်သား ၂၇၀ တန်၊ နယ်သာလန်နိုင်ငံများမှ အေးခဲကြက်သား တန် ၅၀ နှင့် ဒိန်းမတ်နိုင်ငံမှ အေးခဲကြက်သား ၆၃၀ တန် တင်သွင်းခဲ့သည်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ အချက်အလက်များတွင် ဖော်ပြထားကြောင်း အစိုးရ ထုတ်ပြန်ချက်များတွင် ဖော်ပြထားပါသည်။

အစားအစာအန္တရာယ်ကင်းရှင်းရေးဗဟိုဌာနအနေဖြင့် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကြက်ငှက်တုတ်ကွေး ဖြစ်ပွားနေမှုနှင့် စပ်လျဉ်း၍ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်း (WOAH)နှင့် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်သွားပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု CFS ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)