Thailand

ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကား (Electric Vehicle-EV) ရင်းနှီးမြှုပ်နှံမှုအတွက် Tesla ကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ပြောကြား

Last Updated:

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော်ဖြစ်သော ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Asia-Pacific Economic Cooperation-APEC) ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်မည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin ၏ ခရီးစဉ်တွင် Tesla ကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း အမေရိကန် ထိပ်တန်းလုပ်ငန်းရှင်များနှင့်‌ တွေ့ဆုံရာတွင် ဆွေးနွေးမည့် အဓိက စက်မှုနယ်ပယ် ၃ ခုဖြစ်သည့် EV၊ အီလက်ထရောနစ်နှင့် ဒီဂျစ်တယ်စသည်တို့မှ တစ်ခုဖြစ်ပါကြောင်း၊ စက်တင်ဘာလအတွင်း နယူးယောက်မြို့၌ တွေ့ဆုံခဲ့သည့် Tesla အကြီးတန်းအရာရှိများနှင့် ယခုအခါ ထပ်မံတွေ့ဆုံ၍ဆွေးနွေးခဲ့မှုများအပေါ် နောက်ဆက်တွဲဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ EV စက်မှုနယ်ပယ်သည် ၇၀၀ ရာခိုင်နှုန်း တိုးတက်နေပါကြောင်း၊ လွန်ခဲ့သည့် ၉ လအတွင်း EV ၆,၀၀၀ ကျော် မှတ်ပုံတင်ခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ထိုင်းနိုင်ငံကို ဒေသတွင်း EV အချက်အခြာဖြစ်စေလိုကြောင်း၊ ဝန်ကြီးချုပ်ဦးဆောင်သည့် EV မူဝါဒကော်မတီက ၄ နှစ် (၂၀၂၄-၂၀၂၇) ကြာ ဆောင်ရွက်ပေးသွားမည့် EV မြှင့်တင်မှု ဒုတိယအဆင့် (EV 3.5) အတွက် အထောက်အပံ့ပေးသည့် မက်လုံးပေးအစီအမံများအပေါ် ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း၊ အီလက်ထရောနစ်စက်မှုနယ်ပယ်တွင် အလယ်အလတ်အဆင့်သာ ရှိနေသေးသဖြင့် အစိုးရက ထိပ်တန်းအဆင့်သို့ ရောက်ရှိစေလိုကြောင်း၊ အထူးသဖြင့် စမတ်အီလက်ထရောနစ် ပုံစံမျိုးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်က Analog Devices Inc (ADI)၊ HP Inc နှင့် Nvidia တို့နှင့် တွေ့ဆုံသွားရန် လျာထားပြီး ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ် စက်မှုနယ်ပယ်အတွက် Amazon Web Service (AWS)၊ Google နှင့် Microsoft တို့နှင့် အချက်အလက်စင်တာများနှင့် Cloud ဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ AWS က အချက် အလက်စင်တာ ၃ ခု စတင်တည်ထောင်ခြင်းဖြင့် လာမည့် ၁၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံ (ဘတ် ၁၈၀ ဘီလီယံ) ကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု ထုတ်ဖော်ပြောကြားပြီးဖြစ်ကြောင်း Mr. Narit က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

လာမည့် ၄ နှစ်အတွင်း လုပ်ငန်း ၁၀၀ ခုကို ထိုင်းနိုင်ငံတွင် အခြေစိုက်ရန်နှင့် ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်နေရာ ၁၀,၀၀၀ ဖန်တီးပေးရန် မျှော်မှန်းထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က APEC အစည်းအဝေး၌ Land Bridge megaproject အတွက် ပထမဆုံး Roadshow ကျင်းပနိုင်ရေး ပို့ဆောင်‌ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

အဆိုပါ မီဂါစီမံကိန်းတွင် ဥပဒေအသစ်ကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ၏ အကြံပြုချက်များသည် ၎င်းတို့၏ လိုလားချက်နှင့်လိုအပ်သော ပြင်ဆင်မှုများအတွက် အစိုးရကို အထောက်အကူပြုပါကြောင်း၊ ဘတ် ၁ ထရီလီယံ ကုန်ကျမည့် မီဂါစီမံကိန်းသည် ရနောင်းမှ အန်ဒမန်ပင်လယ်တစ်လျှောက် ထိုင်းပင်လယ်ကွေ့ရှိ Chumphon သို့ ဆက်သွယ်ပေးသည့် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တစ်ခုဖြစ်ပါကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် Mr. Chaya-than Promsorn က ပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand