Thailand

အစိမ်းရောင်စွမ်းအင်အခွန်သစ်ကြောင့် ထိုင်းနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာနိုင်မည်ဟု စွမ်းအင် ထိန်းညှိရေးကော်မရှင်က ခန့်မှန်းထား

Last Updated:

ပြန်လည်ပြည့်ဖြိုးမြဲလောင်စာမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားခကို တွက်ချက်ရန် အသုံးပြုသော အစိမ်းရောင်အခွန် (Green Utility Tariff –GUT) ၏ နှုန်းထားနှင့် သတ်မှတ်ချက်များကို ဇန်နဝါရီ လ ၂၃ ရက်နေ့တွင် အပြီးသတ် သတ်မှတ်ပြီးပါက ထိုင်းနိုင်ငံတွင်း၌ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာနိုင်သည်ဟု စွမ်းအင်ထိန်းညှိရေးကော်မရှင်က ခန့်မှန်းထားပါသည်။

နှုန်းထားနှင့် သတ်မှတ်ချက်များကို GUT1 နှင့် GUT2 စသည်ဖြင့် အပိုင်း ၂ ပိုင်းခွဲခြားထားပါကြောင်း၊ ကြေညာချက်မထုတ်ပြန်ခင်  ဦးတည်အုပ်စုနှင့် ပြည်သူများ၏ အသံကို ကြားနာ၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ GUT1 သည် တည်ရှိပြီးဖြစ်သည့် သန့်ရှင်းသော စွမ်းအင်လည်ပတ်နေသူများအတွက် ရည်ညွှန်းပြီး သတ်မှတ်ထားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစားများပေါ်တွင် ကောက်ခံမည်ဖြစ်ကြောင်း၊ GUT2 သည် သန့်ရှင်းသော စွမ်းအင်အမျိုးအစားသစ် ဖန်တီးထုတ်လုပ်သူများအတွက် ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစားများစွာကို အသုံးပြုခွင့်ပေးပါကြောင်း၊ နိုင်ငံ၏ သန့်ရှင်းသော စွမ်းအင်မြှင့်တင်ရေးတွင် နေစွမ်းအင်သည် အဓိက အခန်းကဏ္ဍ၌ ပါဝင်ပါကြောင်း ကော်မရှင်၏ ဥက္ကဋ္ဌ Mr. Samerjai Suksumek က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၊ စက်မှုဇုန်ရှိ စက်ရုံများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၀ ဂစ်ဂါဝက်ဒ် လိုအပ်ပါကြောင်း၊ စက်ရုံ ၅,၀၀၀ ခန့်သည် သန့်ရှင်းသော စွမ်းအင်လိုအပ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ လ ၁ ရက်နေ့မှ စ၍ ကာဗွန်နယ်ပယ်ချိန်ညှိမှုနည်းလမ်း (Carbon Border Adjustment Mechanism-CBAM) စတင်အသုံးပြုနေပြီဖြစ်သည့် ဥရောပသမဂ္ဂနယ်ပယ် အတွင်းသို့ ပို့ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့လျက်ရှိသော လုပ်ငန်းများသည် အကောက်ခွန်မဟုတ်သော အတားအဆီးများကို ရှောင်ရှားရန် အလို့ငှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုအသုံးပြုလိုကြကြောင်း၊ CBAM စတင်ပြောင်းလဲနေသည့် အဆင့်တွင် သံနှင့်သံမဏိ၊ အလူမီနီယမ်၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်ဓာတ်အားနှင့် ဟိုက်ဒရိုဂျင် တင်သွင်းသူများသည် ၎င်းတို့၏ တင်သွင်းမှုများတွင် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို အစီရင်ခံရန် လိုအပ်သည်ဟု ဥရောပသမဂ္ဂက ဆိုထားကြောင်း စက်မှုဇုန်အာဏာပိုင် ဥက္ကဋ္ဌဖြစ်သူ Mr. Yuthasak Supasorn က ဖြည့်စွက်ပြောကြားခဲ့သည်။

တင်သွင်းသူများသည် CBAM သက်သေခံလက်မှတ်များအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍  ကောက်ခံငွေပေးချေရမည်ဖြစ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုနှင့် စုပ်ယူမှုညီမျှသော ကာဗွန်ဓာတ်ပြယ်မှု လှုပ်ရှားရေးတွင် ပါဝင်လျက်ရှိသော အခြားသော လုပ်ငန်းများကလည်း သန့်ရှင်းသော စွမ်းအင်ကို ပိုမိုအသုံးပြုလိုကြကြောင်း၊ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ဓာတ်ပြယ်မှုနှင့် ၂၀၆၅ ခုနှစ်တွင် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် စုပ်ယူမှု ညီမျှသော Net-Zero မျှော်မှန်းချက်တို့ကို အောင်မြင်နိုင်ရေး ကြိုးစားလျက်ရှိသော ထိုင်းနိုင်ငံအစိုးရအနေဖြင့်လည်း GUT ကို မြန်မြန်ဆန်ဆန် အသက်ဝင်စေလိုကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: Thailand