China (HongKong)

ခရီးသွားများပိုမိုဆွဲဆောင်နိုင်ရေး လုပ်ဆောင်သွားမည့် ဟောင်ကောင်ဒေသ

Last Updated:

နိုင်ငံတကာခရီးသွားလုပ်ငန်း ဗဟိုဌာနတစ်ခုအဖြစ် ဟောင်ကောင်ဒေသ၏ အခန်းကဏ္ဍခိုင်မာစေရန် ယခုနှစ်အတွင်း ခရီးသွားလာရောက်မှု ပိုမိုဆွဲဆောင်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဟောင်ကောင်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့အုပ်ချုပ်မှုဒါရိုက်တာ Dane Cheng ကပြောကြားခဲ့ကြောင်း RTHK သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် “HK will plan ahead to attract travellers: tourism head” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

၅ နှစ်ကြာရပ်ဆိုင်းခဲ့သည့် နှစ်သစ်ကူးကာလ ညအချိန် အလှပြဖျော်ဖြေမှုများဖြင့် လှည့်လည်ခြင်းကို ပြန်လည် ကျင်းပပြုလုပ်သွားမည်ဖြစ်သောကြောင့် လာမည့် တရုတ်နှစ်သစ်ကူးကာလအတွင်း ခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာရန်မျှော်လင့်ကြောင်း Dane Cheng က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများကို စောနိုင်သမျှစော၍ လုပ်ဆောင်ခြင်းနှင့် အတူကြိုတင်ပြင်ဆင်ခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး၊လေကြောင်းသွားလာမှုနှင့် ခရီးသည်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်းနှင့်အတူ ယခုနှစ်အတွင်း ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဟောင်ကောင်ဒေသသို့ လာရောက်ခဲ့သည် ခရီးသွားဦးရေ ၃၄ သန်း (ကိုဗစ်-၁၉ မတိုင်မီ ခရီးသွားလာရောက်မှု၏ ၅၅ ရာခိုင်နှုန်း)  အနက် ၂၇ သန်းမှာ တရုတ်ပြည်မမှ လာရောက်ခြင်းဖြစ်ကြောင်း၊ အရှေ့တောင်အာရှဈေးကွက်သည် စီးပွားရေးပြန်လည်ဦးမော့မှု အမြန်ဆုံးဈေးကွက်ဖြစ်ပြီး ဟောင်ကောင်ဒေသသို့လာရောက်သည့် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ခရီးသွားအရေအတွက်မှာ ကိုဗစ်-၁၉ မတိုင်မီ ကာလထက်ပိုမိုများပြားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)