ဖိလစ်ပိုင်နိုင်ငံသည် ဆန်စားသုံးမှုတိုးမြင့်လာခြင်းနှင့် တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်း လျှော့ချခြင်းကြောင့် ဆန်တင်သွင်းမှု ၁၁.၉% မက်ထရစ်တန်ချိန် ၄.၇ သန်းခန့်ထိ တိုးမြင့်လာနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ ၎င်းတို့၏ မူလခန့်မှန်းချက်အား တိုးမြှင့်ခန့်မှန်းခဲ့ပါသည်။
ပြီးခဲ့သည့်မေလက အမေရိကန်စိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်မှာ မက်ထရစ်တန်ချိန် ၄.၂ သန်းသာရှိခဲ့ပါကြောင်း၊ ဖိလစ်ပိုင်၊ ကင်ညာ၊ အီရတ်တို့မှ တိုးမြင့်သည့်အတွက် စုစုပေါင်း ကမ္ဘာ့ဆန်တင်သွင်းမှုပမာဏလည်း တိုးလာမည်ဖြစ်ပါသည်။
ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားအား ၃၅% မှ ၁၅% ထိ လျှော့ချပေးခြင်းအား ၂၀၂၈ ခုနှစ်ထိတိုင် ခွင့်ပြုပေးသွားခြင်းအပါအဝင် စက်မှုလယ်ယာထွက်ကုန် ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းလျှော့ချရန်ကို National Economic and Development Authority (NEDA) Board အဖွဲ့မှ သဘောတူညီခဲ့ကြပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၆-၆-၂၀၂၄ ရက်နေ့ထိ ဆန်တန်ချိန် ၂.၁၇ သန်းတင်သွင်းခဲ့ပြီးဖြစ်ကြောင်း Bureau of Plant and Industry (BPI) မှထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပြီး အမေရိကန်စိုက်ပျိုးရေးဌာနမှ ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းထားသည့် ပမာဏ၏ ထက်ဝက်ခန့်ပမာဏထိရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
ဖိလစ်ပိုင်နိုင်ငံမှ အဓိကဆန်တင်သွင်းနေသည့်နိုင်ငံများမှာ ဗီယက်နမ်နှင့် ထိုင်းတို့ဖြစ်ပြီး စုစုပေါင်းတင်သွင်းမှု၏ ၇၂.၇% နှင့် ၁၅.၃% အသီးသီးရှိပါသည်။ ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံ သို့ ဆန်ရောင်းချတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ မေလအထိ မက်ထရစ်တန်ချိန် ၁.၅၂ သန်း၊ ထိုင်းနိုင်ငံမှ မက်ထရစ်တန်ချိန် ၃၁၉,၇၄၀.၇၄ ထိရှိခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ နှစ်စဉ်ဆန်တန်ချိန် ၁.၅ သန်းမှ ၂ သန်းထိ Quota ဖြင့် ၅ နှစ် တင်သွင်းရောင်းချခွင့်ရရှိထားပြီး ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ မူဝါဒအပြောင်းအလဲမဖြစ်မီကပင် မြင့်တက်နေခဲ့ပြီးဖြစ်ပါကြောင်းနှင့် အယ်နီညို၏ ရိုက်ခတ်မှုကြောင့် ဆန်တင်သွင်းမှုတိုးမြင့်ခြင်းကို ဖြစ်ပေါ်စေခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
အယ်နီညိုပြီးနောက် Ei Nino Southern Oscillation (ENSO) netural levels သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်သတင်းပတ်က ဖိလစ်ပိုင်မိုးလေဝသဌာနမှ ကြေငြာခဲ့ပါကြောင်း၊ အယ်နီညိုအားပျော့သွားခြင်းကြောင့် စိုက်ပျိုးရေးသီးနှံအထွက်နှုန်းမှာ ၂၀၂၄ ခုနှစ် ပထမ ၆ လပတ်တွင် ၀.၀၅% ခန့်တိုးမြင့်လာကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။
အကောက်ခွန်နှုန်း လျှော့ချလိုက်ခြင်းက ဆန်တင်သွင်းသူ ကုန်သည်များအတွက် အကျိုး အမြတ် ပိုမိုဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ လာနီညာဖြစ်စဉ်ကြောင့်လည်း ၂၀၂၄ ခုနှစ် ကျန်ရှိသည့် ကာလများတွင် ဆန်တင်သွင်းမှု တိုးမြင့်လာနိုင်ပါကြောင်း၊ လာနီညာသည် လာမည့် ဇူလိုင်လနှင့် စက်တင်ဘာလကြားတွင် ဖြစ်နိုင်ချေ ၆၉% ခန့်ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှခန့်မှန်းထားပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ်ဆန်လိုအပ် ချက်၏ ၂၀% အား တင်သွင်းနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းလျှော့ချပေးခြင်းသည် ဆန်ဈေးနှုန်းမြင့်တက်နေခြင်း၊ rice inflation အားလျှော့ချစေရန် အစိုးရ၏ မူဝါဒတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လျှော့ချခြင်းက ဆန်တစ်ကီလိုလျှင် ၇ ပီဆိုခန့်ထိ ကျဆင်းနိုင်လိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ ၃ နှစ်ဆက်တိုက် ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတကာ အေဂျင်စီများမှ ခန့်မှန်းတွက်ချက်ထားပြီး ယခုကဲ့သို့ အကောက်ခွန်နှုန်း လျှော့ချလိုက်ခြင်းက ကမ္ဘာ့ဈေးကွက်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ပိုမိုတင်သွင်းနိုင်ကြောင်း အချက်ပြမှုတစ်ခုပင်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)