China(Nanning)

အင်ဒိုနီးရှားမှ နာနတ်သီးများကို တရုတ်နိုင်ငံသို့ တက်ကြွစွာ တင်ပို့နေ

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် တစ်နှစ်ပတ်လုံး လုံလောက်သည့် နေရောင်ခြည်နှင့် အပူချိန်ရရှိခြင်းကြောင့် နာနတ်သီး  စည်သွတ်ဘူးများ ထုတ်လုပ်သည့် ပုဂ္ဂလိကကုမ္ပဏီကြီးဖြစ်သည့် PT Great Giant Pineapple (GGP) ၏ ကြီးမားကျယ်ပြန့်သည့် စိုက်ခင်းထဲ၌ နေ့စဉ် နာနတ်သီး အလုံး (၂၀၀,၀၀၀) ခန့်ကို ခူးဆွတ်လျက်ရှိကြောင်း သိရှိရပါသည်။

ဟက်တာ (၃၀,၀၀၀) ကျော်ရှိသည့် စိုက်ခင်းကြီးကို ဇုန်များပိုင်းခြားပြီး ဇုန်တစ်ခုစီရှိ နာနတ်သီးအားလုံးကို တစ်ပြိုင်တည်း ခူးဆွတ်နေသည်ဟု စိုက်ခင်းအုပ်စုတစ်ခုမှ စိုက်ပျိုးထုတ်လုပ်ရေး အလုပ်သမား Murdi Suprayitno က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

GGP မှ နာနတ်သီးထုတ်လုပ်မှု၏ (၅၀) ရာခိုင်နှုန်း‌ခန့်ကို နိုင်ငံနှင့်ဒေသ (၆၀) ကျော်သို့ တင်ပို့လျက်ရှိပြီး နာနတ်သီးစည်သွတ်ဗူးများအပြင် လတ်ဆတ်သော နာနတ်သီး၊ နာနတ်ယို၊ နာနတ်သီးဖျော်ရည်များနှင့် စည်သွတ်ကော့တေးလ်ဗူးများကို ထုတ်လုပ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China -GACC) သည် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အင်ဒိုနီးရှားနိုင်ငံမှ လတ်လတ်ဆတ်ဆတ် နာနတ်သီးများ တင်ပို့မှုကိုခွင့်ပြုသည့် အခြေပြစာချုပ်ကိုထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံမှ လတ်ဆတ်သည့် နာနတ်သီးများသည် တရုတ်ဈေးကွက်သို့ တရားဝင်ဝင်ရောက်ခွင့်ရရှိပြီးသည်နှင့် GGP သည် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် နာနတ်ပင်များကို ထပ်မံတိုးချဲ့စိုက်ပျိုးခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်း နာနတ်သီးထုတ်လုပ်မှုသည် အကန့်အသတ်ရှိသဖြင့် တင်သွင်းသော နာနတ်သီးများအတွက် အလား အလာများစွာရှိကြောင်း GGP ၏  ဒါရိုက်တာတစ်ဦးဖြစ်သူ Welly Soegiono က ပြောကြားခဲ့ပါသည်။

GGP သည် GACC ခွင့်ပြုချက်ရပြီးနောက် လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ ချက်ချင်းတင်ပို့ခဲ့ကြောင်း၊ ယခုအချိန်အထိ နာနတ်သီး မက်ထရစ်တန်ချိန် (၅၈၀) ကျော် တင်ဆောင်ထားသည့် အအေးခန်းကွန်တိန်နာ (၄၂) လုံးကို အင်ဒိုနီးရှားနိုင်ငံ၊ Lampung မှ တရုတ်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းများသို့ တင်ပို့ထားပြီးဖြစ်သည်ဟု သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံမှ နာနတ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရန် အချိန် (၈) ရက်မှ (၁၀) ရက်ခန့်ကြာမြင့်ကြောင်း၊ အခြားနိုင်ငံများရှိ ဆိပ်ကမ်းများတွင် ရပ်နားခြင်းကြောင့် လတ်ဆတ်သောသစ်သီးများ ပုပ်ခြင်းမှကာကွယ်ရန် အပူချိန် (10 C) အောက်တွင် ထားရှိရန်လိုအပ်ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား သစ်သီးကုန်သွယ်မှုသည် ပိုမိုအားကောင်းလာခဲ့ကြောင်း၊ အင်ဒိုနီးရှားမှ နာနတ်သီးတင်ပို့ခဲ့သည့် ကွန်တိန်နာများတွင် တရုတ်နိုင်ငံမှ ပန်းသီး၊ လိမ္မော်သီးနှင့် သစ်တော်သီးများကဲ့သို့ အင်ဒိုနီးရှား၌ စိုက်ပျိုးနိုင်ခြင်းမရှိသည့် အသီးအနှံများကို ပြန်လည်တင်ဆောင်လာကြောင်း သိရှိရပါသည်။

RCEP နှင့် China-ASEAN Free Trade Area တို့အရ အင်ဒိုနီးရှားမှ နာနတ်သီး ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိကြောင်း၊ အကောက်ခွန်ရှင်းလင်းမှု မြန်ဆန်သောကြောင့် အင်ဒိုနီးရှား နာနတ်သီးများသည် တရုတ်စားသုံးသူများထံ မြန်ဆန်စွာရောက်ရှိသဖြင့် ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

စျေးကွက်သုတေသနပြုချက်အရ တရုတ်စားသုံးသူများသည် အရည်အသွေးပြည့်မီသော သစ်သီးဝလံများအတွက် ဈေးကောင်းပေးလိုကြပြီး စည်သွတ်ဘူးများထက် လတ်လတ် ဆတ်ဆတ် သစ်သီးများ စားသုံးခြင်းကို ပိုမိုနှစ်သက်ကြကြောင်း၊ အဆိုပါအချက်သည် သစ်သီးဝလံများ၏ အရည်အသွေးကိုမြှင့်တင်ရန် တွန်းအားဖြစ်စေကြောင်း သိရှိရပါသည်။

လက်ရှိတွင် အင်ဒိုနီးရှားမှ နာနတ်သီးများကို တရုတ်နိုင်ငံတောင်ပိုင်းမှ မြောက်ပိုင်းအထိ စျေးကွက်ချဲ့ထွင်ရန် ယုံကြည်စိတ်ချရသော ဖြန့်ဖြူးရောင်းချသူများကို ရှာဖွေခြင်းသာမက တရုတ်နိုင်ငံတွင် ကျင်းပသောပြပွဲများတွင် ပါဝင်ပြသလျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း နာနတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် General Administration of Customs of China တို့အကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ ခွင့်ပြုချက်ရရှိပြီးပါက လက်ရှိတရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိသော နိုင်ငံများနှင့် အရည် အသွေးနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့် ဈေးကွက်ဝေစုရရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပါသည်။

ထို့အပြင် နှစ်နိုင်ငံအကြား နယ်နိမိတ်ချင်းထိစပ်နေသည့် အခွင့်အရေးကို အကျိုးရှိစွာအသုံးချပြီး မြန်မာနိုင်ငံမှ လတ်ဆတ်နာနတ်သီးများကို နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဈေးကွက်ကိုလည်းကောင်း၊ ရေကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဈေးကွက်ကိုလည်းကောင်း ထိုးဖောက်နိုင်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်များကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ထားသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.chinadaily.com.cn/a/202307/15/WS64b1d2e6a31035260b81692a.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)