USA

အမေရိကန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက် (Semiconductor Supply Chain) အခွင့်အလမ်းများရှာဖွေရန် ပူးပေါင်းဆောင်ရွက်

Last Updated:

အမေရိကန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက် (Semiconductor Supply Chain) အခွင့်အလမ်းများရှာဖွေရန် ပူးပေါင်းဆောင်ရွက်မှုအသစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်၌ ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် “New Partnership with Philippines to Explore Semiconductor Supply Chain Opportunities” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ CHIP Act အရ ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတကာ နည်းပညာလုံခြုံရေးနှင့် တီထွင်ဖန်တီးမှု (International Technology Security and Innovation–ITSI) ရန်ပုံငွေအောက်တွင် ဖိလစ်ပိုင်နိုင်ငံနှင့် ပူပေါင်း၍ ကမ္ဘာလုံးဆိုင်ရာ Semiconductor ထုတ်လုပ်မှုစနစ်ကို နိုင်ငံအများအပြားတွင် ပြောင်းလဲထုတ်လုပ်နိုင်စေရန်နှင့် Semiconductor Supply Chain အခွင့်အလမ်းများရှာဖွေရန် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဤပူးပေါင်းဆောင်ရွက်မှုသည် ထိခိုက်မှုကို ခံနိုင်ရည်ရှိသော၊ လုံခြုံမှုရှိပြီး ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာ Semiconductor Supply Chain ဖြစ်ပေါ်စေရန်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ကနဦးပူးပေါင်းဆောင်ရွက်မှုအဆင့်တွင် ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိ Semiconductor ထုတ်လုပ်မှုအခြေအနေ၊ လုပ်ထုံး လုပ်နည်းမူဘောင်၊ ကျွမ်းကျင်အလုပ်သမားနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်တို့အပေါ် ဆန်းစစ်ခြင်းဖြင့် စတင်သွားမည်ဖြစ်ကြောင်း၊ ဆန်းစစ်ချက် ရလဒ်အပေါ်မူတည်၍ ဤအရေးပါသည့်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ဒီဂျစ်တယ်စနစ် ပြုပြင်ပြောင်းလဲမှုနှင့်အတူ Semiconductor Supply Chain ကို အရှိန်မြှင့်ဆောင်ရွက်နိုင်သည့် မိတ်ဖက်နိုင်ငံများဖြစ် ကြောင်း၊ မော်တော်ယာဉ်မှစ၍ ကျန်းမာရေးသုံး စက်ပစ္စည်းများအထိ ကုန်ပစ္စည်းများသည် Semiconductor Supply Chain အပေါ် မှီခိုမှုများပြားလာကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် Semiconductor ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများကို ဖိလစ်ပိုင်နိုင်ငံတွင် တိုးချဲ့တည်ဆောက်နိုင်ခြင်းဖြင့် အမေရိကန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် သမ္မတဂျိုးဘိုင်ဒင်သည် ၂၀၂၂ ခုနှစ် CHIP Act ကို လက်မှတ်ရေးထိုးခဲ့ပြီး အက်ဥပဒေအရ Semiconductor များကို ပြည်တွင်းထုတ်လုပ်မှုနှင့် သုတေသနလုပ်ငန်းများ၌ မြှင့်တင်သွားရန်အတွက် ရန်ပုံငွေအသစ် ထူထောင်ခဲ့ပါကြောင်း၊  ၂၀၂၂ ခုနှစ် CHIP Act အရ နိုင်ငံတကာ နည်းပညာလုံခြုံရေးနှင့် တီထွင်ဖန်တီးမှု (International Technology Security and Innovation – ITSI) ရန်ပုံငွေထူထောင်ခဲ့ပြီး ထိုရန်ပုံငွေမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း (၅၀၀) (၂၀၂၃ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း (၁၀၀) စီဖြင့် (၅) နှစ်) ကို မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့်အတူ လုံခြုံစိတ်ချရသော ဆက်သွယ်ရေးစနစ်များတည်ထောင်ရန်၊ Semiconductor Supply Chain ကို နိုင်ငံအများအပြားတွင် ထုတ်လုပ်နိုင်ရန်နှင့် လုံခြုံစေရန် အစီအစဉ်သစ်များ ရေးဆွဲဆောင်ရွက်ရန်  ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် Semiconductor နှင့် AI Chip ကုန်သွယ်မှုနှင့် ပတ်သက်၍ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆိုင်ရာ ပဋိပက္ခများဖြစ်ပေါ်လျက်ရှိရာ Semiconductor ၊ AI Chip များကို အမေရိကန်၏ အခြားမိတ်ဖက်နိုင်ငံများတွင် ထုတ်လုပ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုအပေါ် လွှမ်းမိုးချုပ်ကိုင်မှုကိုလျော့ချရန် ကြိုးပမ်းခြင်းဖြစ်နိုင်ပါကြောင်း၊ အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့်လည်း အလားတူ ပူးပေါင်းဆောင်ရွက်မှုအသစ်ဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက် (Semiconductor Supply Chain) အခွင့်အလမ်းများရှာဖွေရန် ပူးပေါင်းဆောင်ရွက်မှုအသစ်ကို ၁၃-၁၁- ၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA