Thailand

ထိုင်းနိုင်ငံ ပြည်တွင်းသကြားဈေးနှုန်း ၂ ဘတ် တိုးမြှင့်ရန် အစိုးရအဖွဲ့ သဘောတူ

Last Updated:

ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ကိုက်ညီစေရန် ပြည်တွင်းသကြားဈေးနှုန်းကို ၂ ဘတ် တိုးမြှင့်ပေးရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့က သဘောတူလိုက်ကြောင်း၊ သဘာဝပတ်ဝန်းကျင်အတွက် ရည်ရွယ်သည့် ကြံနှင့် သကြားရန်ပုံငွေအတွက် ၂ ဘတ်ကိုမူ စားသုံးသူများတွင် အဆိုပါ ကုန်ကျစရိတ်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို၍ သဘောမတူခဲ့ကြောင်း သိရှိရပါသည်။

ဈေးနှုန်းတိုးမြှင့်ခြင်းသည် ချက်ချင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကြံစိုက်တောင်သူများနှင့် ကြိတ်စက်လုပ်ငန်းရှင်များထံမှ အကြံပြုချက်များရရှိခဲ့ပါကြောင်း၊ ကြံစိုက်တောင်သူများ၏ ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဈေးနှုန်း ဗဟိုကော်မတီကလည်း စက်ရုံထုတ်သကြားကြမ်းဈေးနှုန်းကို ၁ ကီလိုဂရမ်လျှင် ၂၁ ဘတ်၊ သန့်စင်ပြီးသကြားဈေးနှုန်းကို ၂၂ ဘတ်သို့ တိုးမြှင့်ရန် သဘောတူခဲ့ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

လက်လီဈေးနှုန်းများနှင့် စပ်လျဉ်း၍ လက်လီကုန်သည်များသည် နယ်ပယ်များစွာတွင် ကုန်ကျစရိတ်များ မတူညီနိုင်သဖြင့် သကြားအတွက် ဈေးနှုန်းထိန်းချုပ်ခြင်းကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ သို့သော် လက်လီဈေးနှုန်းများသည် အမှန်တကယ် ကုန်ကျစရိတ်နှင့် ကိုက်ညီရန်လိုကြောင်း၊ လက်လီဈေးနှုန်းများ မတရားသဖြင့် မြင့်တက်နေခြင်းရှိမရှိ သေချာစွာ စောင့်ကြည့်ရန် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနနှင့် ခရိုင်စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ထမ်းများအား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မှာကြားထားပါကြောင်း ပြည်တွင်း ကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Chakara Yodmani က ဖြည့်စွက် ပြောကြားခဲ့ပါသည်။

စူပါမားကတ်များနှင့် စတိုးဆိုင်များတွင် သန့်စင်ပြီးသကြားဈေးသည် ၁ ကီလိုဂရမ်လျှင် ၂၆-၂၇ ဘတ်သို့ မြင့်တက်နိုင်ကြောင်း၊ သကြား ၁ တန်နှင့်အထက် တင်ပို့လိုပါက ဝန်ကြီးဌာနသို့ ကြိုတင်ခွင့်ပြု ချက်ရယူရမည်ဆိုသည့် သကြားတင်ပို့မှုကို တင်းကျပ်ခဲ့သည့် ညွှန်ကြားချက်ကို ဖျက်သိမ်းရန် ကော်မတီက ခွင့်ပြုခဲ့ပါကြောင်း သိရှိရပါသည်။

အစိုးရက သကြားဈေးတက်လာမှု၏ သက်ရောက်မှုအတွက် စိုးရိမ်နေပါက နေထိုင်မှုစရိတ် လျှော့ချရန်အတွက် ၃-၆ လကြာ သကြားခွန်ကို  ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် လျှော့ချခြင်း နည်းလမ်းများကို စဉ်းစားသင့်ကြောင်း၊ သကြားခွန်ကို ကုမ္ပဏီကြီးများက ထုတ်လုပ်သော အစားအသောက်နှင့် အဖျော်ယမကာများပေါ်တွင် ကောက်ခံခြင်းဖြစ်ကြောင်း၊ သကြား၏ ကျန်းမာရေးအပေါ် သက်ရောက်မှုကို စိုးရိမ်မှုကြောင့် အခွန်ကောက်ခံခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီကြီးများသည် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် လုပ်ငန်းနှင့် လည်ပတ်စရိတ်ကို စီမံခန့်ခွဲသင့်ကြောင်း ရင်းမြစ်တစ်ခုက သုံးသပ်ထားပါသည်။

သကြားစိုက်ပျိုးခြင်းကို မည်သို့ထောက်ပံ့ပေးသင့်သည်၊ ထုတ်လုပ်မှုအတွက် မည်ကဲ့သို့သော ကုန်ကြမ်းများ ထောက်ပံ့ပေးသင့်သည်ဆိုသည့် အချက်များကို စဉ်းစားသင့်ကြောင်း၊ ကြံစိုက်တောင်သူများနှင့် သကြားထုတ်လုပ်သူများသည် ဓာတ်မြေဩဇာ၊ စွမ်းအင်နှင့် လုပ်သားကုန်ကျစရိတ်များအတွက် ရုန်းကန်နေရပါကြောင်း၊ ဈေးနှုန်းပြင်ဆင်ခြင်းသည် သကြားစက်ရုံများနှင့် ပြည်သူအပေါ် အထောက်အကူမပြုဘဲ ဈေးကွက်နည်းလမ်းကို အစိုးရက ဝင်ရောက်နှောင့်ယှက်သည့် ပုံစံဖြစ်နေပါကြောင်း ရင်းမြစ်တစ်ခုက ဖြည့်စွက်သုံးသပ်ထားပါသည်။

သကြားဈေးမြင့်တက်ခြင်းသည် ကုမ္ပဏီ၏ ထိန်းချုပ်မှုပြင်ပဖြစ်နေပါကြောင်း၊ ကုမ္ပဏီ၏ စုစုပေါင်းထုတ်ကုန်၏ ၁၀-၁၂ ရာခိုင်နှုန်းတွင် သကြားပါဝင်ပါကြောင်း၊ သကြားဈေးနှုန်း ၁၀ ရာခိုင်နှုန်း မြင့်တက်ခြင်းသည် ကုန်စည်၏ ရောင်းဈေးကို ၀.၅ ရာခိုင်နှုန်း သက်ရောက်ပါကြောင်း အဖျော်ယမကာ ထုတ်လုပ်သည့် Sappe Plc မှ အကြီးတန်းအရာရှိဖြစ်သူ Ms. Piyajit Ruckariyapong က သုံးသပ်ထားပါသည်။ 

 

 

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand