Thailand

ထိုင်းဘတ် ၅၆ ဘီလီယံကို ဆန်စပါးထောက်ပံ့ပေးရာတွင် အသုံးပြုရန်အတွက် ထိုင်းနိုင်ငံအစိုးရအဖွဲ့ သဘောတူ

Last Updated:

၂၀၂၃-၂၀၂၄ စပါးရိတ်သိမ်းရာသီတွင် ထောက်ပံ့ပေးရန်အတွက် ဘတ် ၅၆ ဘီလီယံကို အစိုးရအဖွဲ့က ထပ်မံခွင့်ပြုခဲ့ကြောင်း၊ ဆန်စပါး ထောက်ပံ့ပေးရန်အတွက် အစိုးရ၏ အသုံးစရိတ်ကို စုစုပေါင်း ဘတ် ၁၁၁ ဘီလီယံသို့ တိုးမြှင့်လိုက်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် ဆောင်ရွက်ချက်အနေဖြင့် လယ်သမားများအား ၁ ဧကလျှင် ဘတ် ၁,၀၀၀ ဖြင့် ဧက ၂၀ ထက်မပိုစေဘဲ ထောက်ပံ့ခြင်းဖြင့် ဆန်စပါးအရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်ပါကြောင်း၊ ယင်းနည်းလမ်းသည် အိမ်ထောင်စု ၄.၆၈ သန်းကို အကျိုးရှိစေကြောင်း၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးသည်နှင့် တစ်ပြိုင်နက် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်က သတ်မှတ်ချက်နှင့် ကိုက်ညီသော လယ်သမားများအား ငွေပေးအပ်သွားမည်ဖြစ်ပြီး ၁ လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

အစိုးရအဖွဲ့အစည်းအဝေးတွင် သေချာစွာ ညှိနှိုင်းဆွေးနွေးပြီးမှသာ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ဘဏ်ကငွေပေးချေမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နိုဝင်ဘာလ ၁၇ သို့မဟုတ် ၂၀ ရက်နေ့အတွင်း ရှင်းလင်းပြီးသည်နှင့် လယ်သမားများသို့ ပေးအပ်သွားနိုင်ရန် မျှော်လင့်ရပါကြောင်း၊ အစိုးရအဖွဲ့က နိုဝင်ဘာလ ၇ ရက်နေ့က ဆန်စပါးအတွက် ထောက်ပံ့ရန် ဘတ် ၅၅ ဘီလီယံ ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့ ထောက်ပံ့မည့် လုပ်ငန်းစဉ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ စက်တင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားပါသည်။

၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် အဓိကသီးနှံမှ တန်ချိန် ၂၅.၆ သန်းနှင့် ရာသီချိန်လွန် စိုက်ပျိုးခြင်းမှ ဆန်စပါး တန်ချိန် ၆.၇၈ သန်း၊ စုစုပေါင်းတန်ချိန် ၃၂ သန်းထွက်ရှိရန် ဝန်ကြီးဌာနက ခန့်မှန်းထားပါကြောင်း၊ လာမည့်ရိတ်သိမ်းရာသီတွင် ဆန်စပါးဈေးနှုန်းအပေါ် အစိုးရ၏ ထောက်ပံ့မည့် မူဝါဒကို ပြင်ဆင်သွားရန် အစီအစဉ်ရှိပါကြောင်း၊ စိုက်ပျိုးရေးကုန်ကျစရိတ်ကို လျှော့ချခြင်းနှင့် တီထွင်ဆန်းသစ်မှုမှ ထုတ်လုပ်မှုစွမ်းရည် မြင့်တက်လာစေရန် ရည်ရွယ်ပါကြောင်း၊ လယ်သမားများ၏ ဝင်ငွေတိုးပွားစေရန်နှင့် ဘတ်ဂျက်အသုံးစရိတ် လျှော့ချရန်ဖြစ်ကြောင်း ဝန်ကြီး Mr. Phumtham က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand