USA

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုကျဆင်းလာပြီး ဈေးကွက်အခြေအနေတိုးတက် ကောင်းမွန်လာခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု ကျဆင်းလာပြီး ဈေးကွက်အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ကြောင်း  The Wall Street Journal ၌ ၁၅-၁၁-၂၀၂၃ ရက်နေ့တွင် “Inflation Cools, Market Soars” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထပ်မံကျဆင်းခဲ့ပြီး အမေရိကန်ဗဟိုဘဏ်၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးအတိုးနှုန်း တိုးမြှင့်သတ်မှတ်ခဲ့မှုကို အဆုံးသတ်မည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ စားသုံးသူဈေးဆနှုန်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မပြောင်းလဲဘဲ ဆက်လက်ရှိနေခဲ့သော်လည်း ၂၀၂၂ ခုနှစ်ထက် (၃.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါကြောင်း၊ သို့ရာတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် တိုးနှုန်းနှေးကွေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် (၉.၁) ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း၊ ဈေးနှုန်းအတက်/ အကျမြန်သည့် အစားအစာနှင့် စွမ်းအင်ဈေးနှုန်းတို့ကို ထည့်သွင်းတွက်ချက်ရာတွင် မပါဝင်သည့် Core Prices မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ နှစ်အလိုက် Core Inflation သည် (၅.၁) ရာခိုင်နှုန်းရှိခဲ့ရာမှ ဇွန်လမှ အောက်တိုဘာလအတွင်း (၂.၈) ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း၊ မော်တော်ယာဉ်နှင့် လေယာဉ်ခနှုန်းထားများ ကျဆင်းလာခဲ့ပြီး အိမ်ခြံမြေနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် တိုးတက်မှုအနည်းငယ် ရှိလာခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုကို ပို၍သေချာစွာခန့်မှန်းနိုင်ရန် Core Inflation ကို အသုံးပြု၍ ခန့်မှန်းနိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကလည်း ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းတိုးမြှင့်မှုကို အဆုံးသတ်ပြီဟုခန့်မှန်းကြသဖြင့် စတော့ရှယ်ယာနှင့် အစိုးရငွေတိုက်စာချုပ် ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းပမာဏသည် ၁၄-၁၁- ၂၀၂၃ ရက်နေ့တွင် ကျဆင်းသွားခဲ့ပြီး (၁၀) နှစ် သက်တမ်းရှိငွေတိုက်စာချုပ်များ၏ အတိုးနှုန်းပမာဏသည် (၀.၁၉၁) မှ (၄.၄၄၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ Silicon Valley Bank ဖျက်သိမ်းခဲ့ရသည့် အကြောင်းအရင်းမှာလည်း ထိုသို့ တစ်ရက်တာအတိုးနှုန်း ကျဆင်းခဲ့၍ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ Core prices မှာ နိုင်ဝင်ဘာလ အစောပိုင်းတွင် (၅) လဆက်တိုက် တိုးလာခဲ့ကြောင်း၊ ဤသည်မှာ အမေရိကန်ဗဟိုဘဏ်မှ တာဝန်ရှိသူများ ထုတ်ဖော်ပြောဆိုကြသကဲ့သို့ အတိုးနှုန်းတိုးမြှင့်ရန် မလိုတော့ကြောင်းကို သက်သေပြနေသည့် အချက်အလက်များဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခဲ့ပြီးနောက် အမေရိကန် ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များက ဈေးနှုန်းမြင့်တက်ခြင်းသည် ကူးစက်ရောဂါ၏ နောက်ဆက်တွဲများကြောင့်ဖြစ်ပြီး ဈေးနှုန်းလျှော့ချရန် မလိုအပ်ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း၌ ဈေးနှုန်းမြင့်တက်မှုသည် ဝယ်လိုအား အဆမတန်မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် အတိုးနှုန်းကိုအလျင်အမြန် တိုးမြှင့်သတ်မှတ်ခဲ့ကြရကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အတိုးနှုန်းတိုးမြှင့်မှုကို တစ်ဖြေးဖြေးလျော့ချခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ စံသတ်မှတ်ထားသည့် အတိုးနှုန်းကို ဖြေလျော့ပေးလျက်ရှိပါကြောင်း၊ လာမည့်ဒီဇင်ဘာလတွင် အတိုးနှုန်းကို ယခင်အတိုင်း ဆက်လက်ထားရှိပါက လက်ရှိအတိုးနှုန်းအတိုင်း ဆက်လက်ထားရှိသည်မှာ (၆) လခန့် ရှိတော့မည်ဖြစ်ကြောင်း၊ အတိုးနှုန်းတိုးမြှင့်မှုကို ဆိုင်းငံ့ထားခြင်းသည် ကုမ္ပဏီများက အလုပ်သမားငှားရမ်းမှုကို ကျဆင်းစေသော် လည်း စားသုံးသူများ ငွေကြေးသုံးစွဲမှုကို မြင့်တက်လာပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှုကို ကျဆင်းစေသည်ဟူသော အကောင်းမြင်မှုများ ရှိလာခဲ့ပါကြောင်း၊ အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌကလည်း ငွေကြေးဖောင်းပွမှုကို အောင်မြင်စွာ တိုက်ဖျက်နိုင်ပြီဖြစ်ကြောင်း ကြေညာရန် ဆန္ဒမရှိသေးဘဲ ယခင်က ဈေးနှုန်းခဏတာ ကျဆင်းပြီးနောက်ပိုင်း ဈေးနှုန်း ပြန်လည်တဟုန်ထိုး တက်လာသည့် အခြေအနေများကိုသာ ရည်ညွှန်းပြောကြားလျက်ရှိပါကြောင်း ဖော်ပြထားပါသည်။

လေ့လာဆန်းစစ်သူများက နောက်ဆုံးရရှိသည့် အချက်အလက်များအရ ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ၂၀၂၄ ခုနှစ် အစောပိုင်းကာလတွင် တိုးမြှင့်နိုင်သည်ဟုခန့်မှန်းကြပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကြောင့် စီးပွားရေးတိုးတက်လာခဲ့သလို ဗဟိုဘဏ်အတိုးနှုန်း တိုးမြှင့်ခြင်းကြောင့်လည်း စီးပွားရေးအခြေအနေကို ကောင်းမွန်စေခဲ့ကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA